Thursday, September 6, 2012

ပန်ဆန်း၏ အနာဂတ် စိုးရိမ်ဖွယ်အခြေအနေများဖြစ်ပေါ်လျက်ရှိ

0 comments

မကြာသေးမီရက်ပိုင်းအတွင်း “၀”တပ်ဖွဲ့ဗဟို ပန်ဆန်းက ထုတ်ပြန်တဲ့ ရာထူးပြောင်းရွှေ့မှုအမိန့် ကြေညာချက်ဟာ “၀”အဖွဲ့အပေါ် ပေါက်အုပ်စုရဲ့ ရေရှည်အာဏာရယူရေးအစီအစဉ်တစ်ခုသာဖြစ်ကြောင်း၊ “၀”ခေါင်းဆောင်ပိုင်းနဲ့နီးစပ်သော သတင်းတစ်ရပ် ကဆိုပါတယ်။
ပန်ဆန်းရဲ့အမိန့်ထဲမှာ ပေါက်ယူလျှံရဲ့သား ပေါက်အားချန်ကို တပ်မဟာ(၄၁၈) တပ်မဟာမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းဟာ တပ်မဟာ မှူးဟောင်း ကျောက်ဆိုင်သောင်းအတွက် မခံရပ်နိုင်စရာ ကိစ္စပဲဖြစ် ပါတယ်။ တပ်မဟာ(၄၁၈)ဟာ ပန်ဆန်းနားက ကြူဟေ့မှာရှိပြီး ပန်ဆန်း ဌာနချုပ်အတွက် လွန်စွာ အရေးကြီးပါတယ်။ ဒါ့အပြင် မိုင်းဖျန်မှာရှိတဲ့ တပ်မဟာ(၄၆၈)က တပ်မဟာမှူး လီအိုက်စုကို တပ်မဟာမှူး အဆင့်ကနေ မြို့နယ်မှူးအဆင့်ကို လျော့ချခဲ့ပြီး အုပ်ချုပ်ရေးပိုင်း တစ်ခုသာ တာဝန်ယူစေတာကလည်း အတော်ပဲဆိုးရွားပါတယ်။ တပ်မဟာမှူးအသစ်က ပေါက်ယူချမ်းရဲ့မွေးစားသား ပေါက်အိုက်ပန်း ဖြစ်နေလေတော့ မွေးစားသားကိုနေရာပေးချင်လို့ အရင်လူကို ကန်ထုတ် လိုက်တယ်ဆိုတာ ရှင်းလင်းမြင်သာလွန်းပါတယ်။ ဒါကြောင့် ပန်ဆန်းနယ်ခံတွေကတော့ “၀”တပ်ဖွဲ့ဟာ ပေါက်ဆွေမျိုးတွေရဲ့ တပ်မတော် လို့တောင် ပြောနေကြပါပြီ။
တပ်မဟာ(၄၆၈)ဟာ မိုင်းဖျန်မှာရှိတဲ့အတွက် “၀”အဖွဲ့အတွက် အသက်သွေးကြောတမျှ အရေးကြီး ပါတယ်။ ဘိန်းချက်စက်ရုံတွေ ရှိနေခြင်း၊ မူးယစ်ဆေးဝါးသယ်ဆောင်ရာလမ်းကြောင်းဖြစ်ခြင်းအပြင် မိုင်းလားအဖွဲ့နဲ့ ဆက်သွယ်ရာ အဓိကလမ်းကြောင်းပေါ် မှာရှိနေခြင်း တို့ကြောင့်ဖြစ်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ပေါက်ညီအစ်ကို တွေထဲက အငယ်ဆုံး ပေါက်ယူဟွာဟာ အရင်က ဒီတပ်မဟာမှာ တပ်မဟာမှူး လုပ်ခဲ့ဖူးပါတယ်။
လီအိုက်စုဟာ မိုင်းပေါက်မှာ “၀”အဖွဲ့အတွက် စိုက်ပျိုးမြေတွေ တိုးချဲ့ပေးခဲ့သလို ပန်ဆန်း၊ မိုင်းပေါက် ကားလမ်းအတွက်လည်း ကိုယ်တိုင်ငွေစိုက်ထုတ်လုပ်ပေးခဲ့ပါတယ်။ ဒါတွေကိုမထောက်ထားဘဲ ပေါက်အုပ်စုက သူ့ကိုနေရာဖယ်ပစ်ခဲ့ခြင်းအတွက် အလွန်ခံပြင်းလျက် ရှိပါတယ်။ မိုင်းဖျန်ဘက်က ဒေသခံတစ်ချို့ကိုမေးကြည့်တော့ “လီအိုက်စုက နောက်ပိုင်းမှာ ဝေရှောက်ကန်းနဲ့ အနေနီးစပ်လာ ပြီး ပေါက်မိသား စုအပေါ် ဆန့်ကျင်တာတွေ လုပ်လာတယ်။ ဝေရှောက်ကန်းနဲ့အတူ တစ်စင်ထောင်ချင်လာတဲ့သဘောလို့ ယူဆရတဲ့အတွက် ပေါက်မိသားစုက သူ့ကို စစ်ရေးတာဝန်တွေရပ်ဆိုင်းပြီး စောစောစီးစီးဘေးဖယ်လိုက်ခြင်းပါပဲ” လို့ပြောပါတယ်။
“၀”တပ်ဖွဲ့အပေါ် ပေါက်အုပ်စုကြီးစိုးခဲ့တာ ဆယ်စုနှစ်များစွာရှိခဲ့ပါပြီ။ ဒါဟာ “၀”တပ်ဖွဲ့အတွင်း အာဏာရှင် အုပ်ချုပ်ရေးခိုင်မာနေ တယ်ဆိုတဲ့သဘောကို ပြသနေခြင်းပါပဲ။ ဒါပေမယ့် ပြောင်းလဲမှုကိုလိုလားတဲ့ ခေါင်းဆောင်ငယ် တွေကတော့ ပေါက်အုပ်စုက ဆံဖြူသွား ကျိုးတဲ့အထိ “၀”တပ်ဖွဲ့အပေါ် မင်းမူနေမှာကို လက်ခံနိုင်ဖွယ်မရှိပါဘူး။
အထူးသဖြင့် အမှတ်(၁၇၁)စစ်ဒေသ တောင်ပိုင်း“၀”တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဝေရှောက်ကန်း ဖြစ်ပါတယ်။ သူက အဖွဲ့အစည်း တစ်ခုအပေါ် ဦးဆောင်ဦးရွက်ပြုနိုင်တဲ့ အရည်အချင်းရှိသူဖြစ်တဲ့အတွက် ပေါက်အုပ်စုနဲ့ ထိပ်တိုက်တွေ့လာမယ့် အခြေအနေ ရှိနေပါ တယ်။ ဝေရှောက်ကန်းဟာ တကယ်တမ်းတော့ UWSA ရဲ့ လက်အောက်ခံ မဟုတ်ပါဘူး။ ၁၉၈၅ မှာ ခွန်ဆာဆီကနေခွဲထွက်ပြီး (Wa National Council-WNC)ကို တည်ထောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၉ မှာ အခြေအနေအရ UWSA နဲ့ ပူးပေါင်းခဲ့တာဖြစ်ပြီး UWSA နဲ့ WNC တို့ဟာ အဖွဲ့ချင်းသီးခြားစီဖြစ်သလို နယ်မြေဒေသချင်းလည်း သီးခြားစီဖြစ်ပါတယ်။
မုံးကျွတ်ဘက်က သတင်းတွေအရ ဝေရှောက်ကန်းဟာ ၁၉၉၈ မှာ အမေရိကန် DEA ရဲ့ ဒေါ်လာ ၂ သန်း ဆုကြေးနဲ့ ဖမ်းမိန့်ထုတ်ပြန်ခံရခြင်း၊ ၂၀၀၅ မှာလည်း UWSA ခေါင်းဆောင်များနှင့်အတူ မူးယစ်ဆေးဝါးကူးသန်းမှုနဲ့ DEA ရဲ့ စွဲချက်တင်ခံခဲ့ရခြင်း တို့ကြောင့်သာ UWSA အဖွဲ့နှင့် ဆက်ပြီးပူးပေါင်းနေခဲ့ပေမယ့် ပေါက်အုပ်စုရဲ့ အာဏာချုပ်ကိုင်လိုမှုအောက် မှာတော့ ရေရှည်နေသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“၀”အဖွဲ့ရဲ့ လက်ရှိအခြေအနေတွေအပေါ် လေ့လာစောင့်ကြည့်သူတွေရဲ့ အဆိုအရ အဓိကပြဿနာဟာ မူးယစ်ဆေးဝါးက ရလာတဲ့ ငွေကြေးခွဲဝေခံစားမှုမညီမျှခြင်းကြောင့်လို့ သိရပါတယ်။ ပေါက်အုပ်စုဟာ သူတို့ရဲ့ ဘိန်းလုပ်ငန်းအပေါ် အပြည့်အ၀ပူးပေါင်း ပါဝင်မယ့် သွေးသားအရင်း သို့မဟုတ် လူယုံတွေကို အရေးကြီးနေရာ တွေမှာထားပြီး အုပ်ချုပ်ရေးနဲ့ စစ်ရေးအာဏာတွေ အားလုံးသိမ်းပိုက် ကာ ရေရှည်အာဏာတည်တံ့ရေး ဆောင်ရွက် နေတယ်လို့ဆိုပါတယ်။ အခြားတစ်ဘက်မှာတော့ မူးယစ်ဆေးဝါးနဲ့ ကင်းကင်းရှင်းရှင်းနေ လိုပြီး ခေတ်အမြင်ရှိတဲ့ ခေါင်းဆောင်ငယ်တွေဟာ အပြောင်းအလဲတွေကို ဆန္ဒပြင်းပြစွာ တောင်းဆိုလာနေပါပြီ။
တောင်ပိုင်း“၀”တပ်ဖွဲ့ရဲ့ခေါင်းဆောင် ဝေရှောက်ကန်းနဲ့ လီအိုက်စုတို့အနေနဲ့ သီးခြားဖြစ်တဲ့ မုံးကျွတ် ဒေသကို ပေါက်အဖွဲ့ရဲ့ ဗဟိုဦးစီးချုပ်ကိုင်ထားရှိမှုအောက်မှ ခွဲထွက်ဖို့တာစူလျက်ရှိနေပါတယ်။ အမှတ်(၁၇၁) စစ်ဒေသ တောင်ပိုင်း“၀”တပ်ဖွဲ့ကို ယခင်ရှိပြီး Wa National Council (WNC)အနေနဲ့ ခွဲထွက်ရပ်တည်နိုင်ရေးမှာ ပေါက်အုပ်စုကိုတွန်းလှန်နိုင်မှသာ အောင်မြင်ပါလိမ့်မယ်။ အာဏာရှင်ပေါက်အုပ်စုကိုဖယ်ရှားနိုင်ဖို့ ဝေရှောက်ကန်းရဲ့ အစွမ်းအစအပေါ်ယုံကြည်မှုရှိပြီး ထောက်ခံသူအင်အားများပြားလာခြင်းက ပန်ဆန်းရဲ့အနာဂတ်အတွက် စိုးရိမ်ဖွယ် အခြေအနေကို တွန်းပို့လျက်ရှိကြောင်း ရှုမြင်ရပါတယ်။

တရုတ်နယ်စပ်စစ်ရေးစောင့်ကြည့်သူတစ်ဦး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here