Monday, November 26, 2012

မြန်မာသင်္ဘောသား ၅ ဦးကို ဗီယက်နမ် ကယ်ဆယ်

0 comments
နိုဝင်ဘာ(၂၆)

သင်္ဘောဓားပြတိုက်ခံရပြီး ပင်လယ်ထဲမျောနေတဲ့ မြန်မာသင်္ဘောသား ၅ ဦးအပါအ၀င် နိုင်ငံခြား သင်္ဘောသားတွေကို  ဗီယက်နမ်ရေကြောင်း ကယ်ဆယ်ရေးအဖွဲ့က အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ Thanh Nien ဗီယက်နမ်သတင်းမှာ ဖော်ပြပါတယ်။
မလေးရှားနိုင်ငံ ပါဆာဂူဒေါင် ဆိပ်ကမ်းက ထွက်ခွာလာတဲ့  မလေးရှားပိုင် ဆီတင်သင်္ဘော ဇာဖီရာဟာ အင်ဒိုနီးရှား ရေပိုင်နက်ထဲမှာ နိုဝင်ဘာ ၁၈ ရက်နေ့က ပင်လယ်ဓားပြတွေရဲ့ တိုက်ခိုက်ခဲ့ရတာပါ။

(ဓာတ်ပုံ- Thanh Nien News)
ပင်လယ်ဓားပြတွေက သင်္ဘောကိုသိမ်းယူပြီး သင်္ဘောသားတွေကို သက်ကယ်လှေနဲ့ ပင်လယ်ထဲ မျောပစ်ခဲ့တာဖြစ်ပါတယ်။ သင်္ဘောသားတွေကို Vung Tau ခရိုင်က ဗီယက်နမ် ငါးဖမ်းသင်္ဘော ၂ စင်းက တွေ့ရှိပြီး ဗီယက်နမ် ရေကြောင်းကယ်ဆယ်ရေးအဖွဲ့ကို အကြောင်းကြားခဲ့ရာမှာ သင်္ဘောသားတွေကို ကယ်ဆယ်နိုင်ခဲ့တာပါ။
ဗီယက်နမ် ရေကြောင်းရဲတပ်ဖွဲ့ကလည်း  ပင်လယ်ဓားပြတွေကို ရှာဖွေရာမှာ ဓားပြတွေသိမ်းပိုက်ထားတဲ့ ဇာဖီရာသင်္ဘောကို ဗီယက်နမ် ရေပိုင်နက်ထဲမှာ တွေ့ရှိပြီး သင်္ဘောကို တိုက်ခိုက် သိမ်းယူခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ အင်ဒိုနီးရှားနိုင်ငံသား ပင်လယ်ဓားပြ ၁၁ ဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ပင်လယ်ဓားပြတွေဟာ သင်္ဘောသားတွေကို  သက်ကယ်လှေနဲ့ ပင်လယ်ထဲ မျောမပစ်ခင် သင်္ဘောသားအခန်းထဲမှာ အစားအစာအနည်းငယ်နဲ့ သော့ခတ်ထားခဲ့တယ်လို့ အသက် ၃၇ နှစ်အရွယ် မြန်မာနိုင်ငံသား သင်္ဘော ကပ္ပတိန်က ပြောပါတယ်။
လတ်တလော သင်္ဘောသားတွေကို ကျန်းမာရေးဆေးစစ်မှုတွေ ပြုလုပ်နေပြီး ဗီယက်နမ် အာဏာပိုင်တွေက နေရပ်ပြန်ပို့ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

DVB

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here