Tuesday, February 5, 2013

အောင်ပန်း ရိုးမဘဏ် ဖောက်ထွင်းခံရ

0 comments
ဖေဖော်ဝါရီ(၅)


ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်  အောင်ပန်းမှာရှိတဲ့ ရိုးမဘဏ်ကို  ဖောက်ထွင်း လုယက်ဖို့ ကြိုးစားခဲ့တဲ့ လူငယ်တဦးကို  ဖမ်းဆီးရမိခဲ့တယ်လို့ အောင်ပန်းရဲစခန်းက ပြောပါတယ်။
ဖေဖော်ဝါရီ ၅ ရက် မနက် ၂ နာရီလောက်က  အသက် ၁၉ နှစ် အရွယ် နည်းပညာကောလိပ်ကျောင်းသားတဦးက အမှတ် ၄ ရပ်ကွက်မှာရှိတဲ့  ရိုးမဘဏ်ကို ဖောက်ထွင်းဖို့ ကြိုးစားခဲ့တာကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်လိုက်တယ်လို့ အောင်ပန်းရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဒီကလေးက ငွေကြောင့်ပေါ့။ ညနေကတည်းက ချောင်းနေတာ ညရောက်တော့ ဘဏ် အုတ်တံတိုင်းကိုကျော်တက်ပြီးတော့ စားဖိုဆောင်ဘက်ကိုသွားတယ်၊ ဓားကိုယူတယ်။ မှန်ကိုဖွင့်ပြီး အတွင်းရောက်သွားတယ်။ ဘဏ်စောင့်ကလည်း စောင်ခြုံပြီး တီဗွီထိုင်ကြည့်နေတာ။ အဲတော့ သူက ဓားတွေ၊ ကတ်ကြေးတွေ ထပ်ယူပြီးတော့ အံဆွဲတွေ၊ အခန်းတွေ လိုက်ဖွင့်တယ်။ အံဆွဲတခုမှာ ငွေ ၁၇,၀၀၀ တွေ့တော့ ယူပြီး မီးခံသေတ္တာသော့လိုက်ရှာတယ်။ သော့မတွေ့တော့ သူစိတ်တိုလာပြီး ဘဏ်စောင့်ကို ဓားနဲ့သွားထောက်ပြီး သော့ပေးပေါ့ မပေးရင် သတ်ပစ်မယ်ပေါ့။ ညစောင့်က ရုန်းကန်ပြီး ပြန်ခုခံတော့ သူထွက်ပြေးတယ်။ အဲမှာ ကျနော်တို့ ၀ိုင်းဖမ်းလိုက်တာ။”
ဖမ်းဆီးခံထားရတဲ့လူငယ်ဟာ ကျောင်းတက်နေရာကနေ ငွေလိုတဲ့အတွက် အခုလို လုပ်ဆောင်တာဖြစ်ပြီး   ပုဒ်မ ၃၉၂ လုယက်မှုနဲ့ ရိုးမဘဏ် လက်ထောက်မန်နေဂျာက တရားလိုလုပ် တရားစွဲထားတယ်လို့ ဆိုပါတယ်။
အရင် လပိုင်းကလည်း အောင်ပန်းမြို့က ရပ်ကွက်တွေမှာ အနုကြမ်းစီးလုယက်မှု ဖြစ်ပွားခဲ့ပါတယ်။

DVB

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here