Wednesday, March 27, 2013

၁၁ လအတွင်း သဘာဝဓာတ်ငွေ့ တင်ပို့မှုမှရငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကျော်အထိ မြင့်တက်

0 comments
မတ်(၂၇)

3.27.4
တနင်္သာရီတိုင်းဒေသကြီးရှိ ဇောတိက ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအခြေစိုက်စခန်းကို တွေ့ရစဉ်
ယခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ၀င်ငွေမှာ ဘဏ္ဍာရေးနှစ် မကုန်သေး သော်လည်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကျော်အထိ မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ထားချက်များအရ သိရသည်။
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ မှ ၂၀၁၃ ခုနှစ် မတ်လဆန်းပိုင်း အထိ ၁၁ လအတွင်း မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကျော်အထိ မြင့်တက်ခြင်းဖြစ်ပြီး ယခင် ဘဏ္ဍာရေးနှစ် တစ်နှစ်လုံး တင်ပို့မှုမှ ရရှိသည့် ၀င်ငွေပမာဏ အမေရိကန် ဒေါ်လာ ၃ ဒသမ ၅ ဘီလျံကို ကျော်တက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “စက်မှုကုန်ချောအုပ်စု တင်ပို့မှုက အမေရိကန်ဒေါ်လာ ၄၂၁၄ သန်းကျော် ရထားတယ်။ စက်မှုကုန်ချောအုပ်စုမှာ သဘာဝဓာတ်ငွေ့ တင်ပို့မှုက အဓိက ပါဝင်တယ်။ နှစ်တိုင်း သဘာဝဓာတ်ငွေ့ မဟုတ်တဲ့ စက်မှုကုန်ချော တင်ပို့တဲ့ ပမာဏက အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကနေ သန်း ၅၀၀ ၀န်းကျင်အထိပဲ ရှိတယ်။ အခု မတ်လ ၁၅ ရက်နေ့အထိ စက်မှု ကုန်ချော တင်ပို့မှုက အမေရိကန်ဒေါ်လာ ၄၂၁၄ ဆိုတော့ တခြားစက်မှုကုန်ချော တင်ပို့နိုင်တဲ့ ပမာဏ သန်း ၅၀၀ ကို နှုတ်ရင်တောင် သဘာဝဓာတ်ငွေ့ တင်ပို့မှုကရတဲ့ ၀င်ငွေက အမေရိကန်ဒေါ်လာ သန်း ၃၇၀၀ ကျော်ထိ ရှိနေတဲ့ သဘောပါ” ဟု ပြောပြခဲ့သည်။
မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာလည်း မတ်လ ၁၅ ရက် နေ့အထိ စာရင်းများအရ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅ ဘီလျံ ကျော်အထိ မြင့်တက်လာကြောင်း၊ ယခင် ဘဏ္ဍာနှစ်ကထက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ပိုမိုရရှိထားကြောင်း သတင်းရရှိသည်။
ဘဏ္ဍာရေး နှစ်ကုန်အထိ ဆိုပါက အမေရိကန်ဒေါ်လာ လေးဘီလျံနီးပါးအထိ ရနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ရရှိသည့် ၀င်ငွေမှာ နှစ်နှစ်ဆက်တိုက် မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်က မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ရရှိငွေမှာ အမေရိကန်ဒေါ်လာ သန်း ၂၅၂၂ ကျော်ရှိပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် သန်း ၃၅၀၂ ကျော်အထိ မြင့်တက်ခဲ့ကြောင်း၊ ယခု ထပ်မံ၍ သန်း ၃၇၀၀ ကျော်အထိ ထပ်မံမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကိုလည်း ၂၀၁၃ ခုနှစ် မေလတွင် ပြည်ပသို့ စတင်တင်ပို့နိုင်ရန် လျာထားထားပြီး ဇောတိက စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကိုလည်း ၂၀၁၃ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ပြည်ပသို့ စတင်တင်ပို့နိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။
ထို့အတွက် လာမည့်နှစ်များ၌ သဘာဝဓာတ်ငွေ့မှ ရရှိမည့် ၀င်ငွေမှာ ဆက်လက်၍ အမေရိကန်ဒေါ်လာ ဘီလျံဖြင့်ချီကာ ပိုမိုရရှိလာမည် ဖြစ်ကြောင်းနှင့် နိုင်ငံတော်မှလည်း သဘာဝဓာတ်ငွေ့နှင့် သယံဇာတများမှ ရရှိသည့် ၀င်ငွေကို အကျိုးရှိစွာ အသုံးချမည်ဟု ထုတ်ပြန်ထားရာ အမှန်တကယ် အသုံးချနိုင်မှု ရှိ၊ မရှိ စောင့်ကြည့်ရန် လိုသည်ဟုလည်း နိုင်ငံတော်ဘတ်ဂျက် လေ့လာသူများက သုံးသပ်ထားသည်။
3.27.4
3.27.4
eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here