Thursday, April 18, 2013

ကျေးရွာ(၇)ရွာအတွက် လျှပ်စစ်မီး၊ လမ်း၊ ရေ ရရှိရေးကို လွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုးနှင့်အဖွဲ့မှ အလေးထားဆောင်ရွက်ရာသို့ ပြည်နယ်လျှပ်စစ်ဝန်ကြီးမှ သွားရောက်ကွင်းဆင်း

0 comments
ဧပြီ(၁၈)

ဧပြီလ(၁၅)ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်တွင် အတူလိုက်ပါလာခဲ့သူ စက်မှုလက်မှုနှင့်လျှပ်စစ် ပြည်နယ်ဝန်ကြီး ဦးစိုင်းထွန်းရင်သည် တာချီလိတ်မြို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ ခရိုင်ပါတီကော်မတီဝင် ဦးစိုင်းမိုင်၊ ဦးဘိုစံ၊ ဦးလွန်းသူ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းရွှေထွန်း၊ မြို့နယ်ကော်မတီဝင် ဦးချမ်းမြ၊ ဦးကျော်ငြိမ်းအောင် ၊တာချီလိတ်မြို့ လျှပ်စစ်ခရိုင် အင်ဂျင်နီယာမှူး ဦးထွန်းထွန်းဦး တို့နှင့်အတူ မိုင်းကိုးကျေးရွာအုပ်စု၊ မောတွီကျေးရွာအနီးရှိ ကျေးရွာ(၇)ရွာအား လျှပ်စစ်မီးရရှိရေးကိစ္စများဆောင်ရွက်ရန်အတွက် ဧပြီလ(၁၆)ရက်နေ့ နံနက်ပိုင်းက သွားရောက်ခဲ့ကြောင်း သိရသည်။
 


မောတွီကျေးရွာရှိ မူကြိုကျောင်းတွင် ကျေးရွာသူ/သားများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကြပြီး အဆိုပါ ကျေးရွာ(၇)ရွာအတွက် လျှပ်စစ်မီးရရှိစေရန် ကူညီဆောင်ရွက်ပေးရေးအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး တာချီလိတ်ခရိုင်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးထွန်းထွန်းဦးမှလည်း ကျေးရွာ သူကြီးများနှင့် ရွာသူ ရွာသားများမှ တင်ပြချက်များအပေါ် လျှပ်စစ်နှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။


မောတွီကျေးရွာအပါအ၀င် ကျေးရွာ(၇)ရွာအား လျှပ်စစ်မီးရရှိစေရန်အတွက် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး နှင့် မိသားစုမှ ပင်မဓါတ်အားလိုင်းကို သွယ်တန်းလှူဒါန်းပေးမည်ဖြစ်ပြီး လုပ်ငန်းကို ယခုလကုန်မှာ စတင်လုပ်ကိုင်သွားမှာဖြစ်ကြောင်း၊ ဦးဝီလ်ဆင်မိုးနှင့်အတူ သတ္တုလုပ်ကိုင်နေသော ပတ္တမြားနဂါး ကုမ္ပဏီမှလည်း အဆိုပါ ကျေးရွာများအတွက် လမ်းကောင်းမွန်စေရေး၊ သောက်ရေအပြည့်အ၀ရရှိစေရေးများကိုလည်း ကူညီပေးသွားမှာဖြစ်ကြောင်း သိရသည်။


 အဆိုပါတွေ့ဆုံပွဲ၌ ပြည်နယ်လျှပ်စစ်ဝန်ကြီးမှ "တိုင်းရင်းသားများ သူ့လူမျိုးအလိုက် ခေါ်ဝေါ်နေသည့် အမည်များကွဲပြားနေသော်လည်း တိုင်းရင်းသား ညီအစ်ကို အချင်းချင်း တစ်ဦးနှင့်တစ်ဦး ချစ်ချစ် ခင်ခင်၊ စည်းစည်း လုံးလုံး လက်တွဲ နေထိုင်သွားကြရမှာဖြစ်ကြောင်း၊ တစ်ဦးအခက်အခဲကို တစ်ဦးက ကူညီပေးကာ ဆွေမျိုးတွေလို နေထိုင်သွားကြရမှာဖြစ်ကြောင်း၊ မြန်မာစကားပုံလို ကုန်းမြင့်လျှင်ရေမတင်၊ ဂုဏ်မြင့်လျှင် လူမခင် ဆိုသော စကားအား ဥပမာထားကာ မိမိတို့ဘ၀များအား မြှင့်တင်သွားကြရန်၊ လျှပ်စစ်မီးရလျှင် လူ့အသုံးဆောင်ပစ္စည်းများ အဆင့်မြင့်မြင့် အသုံးပြုနိုင်သလို ပညာရေး၊ ကျန်းမာရေး ဗဟုသုတဖြစ်စေရေးအတွက်လည်း လွန်စွာ အထောက်အကူပြုမှာဖြစ်ကြောင်း၊ ယခုကဲ့သို့ လျှပ်စစ်မီးရအောင် လှူဒါန်းပေးမည့် အလှူရှင်နဲ့မိသားစုများကိုလည်း ပြည်နယ်အစိုးရကိုယ်စား အထူးကျေးဇူးတင်ပါကြောင်း" ရှင်းလင်းပြောကြားသွားခဲ့သည်ကို သိရသည်။Tachileik Online News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here