Sunday, April 14, 2013

နဂါးကြီး၏ အဆိပ်ပြင်းလွန်းသည့် အစွယ်ကြီးတချောင်း

0 comments
ဧပြီ(၁၄)
 
( အချိန်မရွေး တစည ပါတီကြီး၏ ဥက္ကဌကြီးဖြစ်သွားနိုင်သော ရာဇဝင်ထဲက မင်းသားကြီး...သို့မဟုတ်....နဂါးကြီး၏ အဆိပ်ပြင်းလွန်းသည့် အစွယ်ကြီးတချောင်း ) သူ၏အကြောင်း တစေ့စောင်း.......

ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ပတ်သတ်ပြီး သိသမျှကို မျှဝေလိုက်ပါတယ်။
မိုးဇေညိမ်း

ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ၁၉၃၉- ခုနှစ်၊ အောက်တိုဘာလ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ သံလျင်မြို့၊ ဗိုလ်ချုပ်ရွာတွင် မွေးဖွားခဲ့သည်။ တရုပ်နွယ်ဖွား တစ်ယောက်ဖြစ်သည်။ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် ပေါင်းတည်မြို့တွင် အခြေခံပညာကျောင်းဆရာတစ်ဦးအဖြစ် အမှုထမ်းနေစဉ် ဗိုလ်ချုပ်ကြီးနေဝင်းက လာရောက်လည်ပတ်ရာတွင် တွေ့ရှိသဘောကျ သွားသဖြင့် အနားသို့ ခေါ်ကာထားရှိရာမှ မမျှော်လင့်ဘဲတပ်မတော်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၂၅) ကို တက်ရောက်ကာ ရာထူးအလွန်အတက်မြန်သဖြင့် အများကပင် အံ့အားသင့်ခဲ့ရသည်။ ဦးနေဝင်း၏သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် မောင်နှမသဖွယ် အလွန်ရင်းနှီးသည့် ဆက်ဆံ့ရေးမျိုး ရှိခဲ့ကြသည်။ (မကြီး၊ မမ ဟုပင် ရင်းနှီးစွာခေါ်ဝေါ်သည်ဟု ကြားဖူးသူတို့က ဆိုကြသည်။)

** နိုင်ငံရေး
*** မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလ
အမှတ် (၁) စက်မှုဝန်ကြီး ဗိုလ်မှူးချုပ် တင့်ဆွေ နှင့် ဗိုလ်ချုပ်ကြီးနေဝင်း (ခ) မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေဝင်း၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ် အရေအခင်းကာလ မတိုင်ခင်တွင် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဖြစ်လာသည်။ ၁၉၈၃ အောက်တိုဘာ ၈ ရက်နေ့ ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် တောင်ကိုရီးယားနိုင်ငံမှ ဝန်ကြီးအချို့အား မြောက်ကိုရီးယားနိုင်ငံမှ ဝင်ရောက်လုပ်ကြံသည့် အရေးအခင်းအပြီးတွင် ခင်ညွန့်အား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

*** ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလ
၁၉၈၈ အရေးအခင်းနောက် ၁၈-၁ဝ-၁၉၈၈ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န-ဝ-တ) ပေါ်ထွန်းလာသောအခါ ဗိုလ်မှူးကြီးခင်ညွန့်သည် န-ဝ-တ အဖွဲ့၏ အတွင်းရေးမှူး(၁) အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ၄င်းကာလများတွင် အလွန်အရေးပါအရာရောက်ပြီး အခရာကျခဲ့သူ တစ်ဦးဖြစ်ခဲ့သည်။

၎င်းနောက် ၁၉၉၁တွင် ဗိုလ်ချုပ် ၁၉၉၃တွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာပြီး ၄င်း၏ ထောက်လှမ်းရေး အင်အားစုကြီးကို တိုးချဲ့လာခဲ့သည် ။ ၁၉၉၅ ခုနှစ်ရန်ကုန်တက္ကသိုလ် စိန်ရတု နှင့် မြို့မကျောင်း စိန်ရတုတွင် ဦးဆောင်ပါဝင်ခဲ့သည်။၁၉၉၇တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် အတွင်းရေးမှူး (၁) ဖြစ်လာပြီး တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးကို အဆင့်မြှင့်ကာ တပ်မတော် ထောက်လှမ်းရေးမှူးချုပ် အဖြစ် တိုးမြှင့် ထမ်းဆောင်ခဲ့သည်။ ၂ဝဝ၂ တွင် ဗိုလ်ချုပ်ကြီးအဖြစ်တိုးမြှင့်ခံရကာ ၂ဝဝ၃ ခုနှစ်၊ သြဂုတ်လ တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ အပြင် (၂၅-၈-၂ဝဝ၃) ရက်နေ့မှ (၁၈-၉-၂ဝဝ၄) ရက်နေ့အထိ နိုင်ငံတော် ဝန်ကြီးချုပ် ရာထူးများကို ထမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်သည် နဝတ၊ နအဖအစိုးရခေတ်တွင် သြဇာ အကြီးမားဆုံးဖြစ်သော အတွင်းရေးမှူး(၁)၊ တပ်မတော် ထောက်လှမ်းရေးမှူးချုပ် (ကကလှမ်း)၊စစ်မဟာဗျူဟာ လေ့လာရေး ကွပ်ကဲရေးမှူးနှင့် ဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ သူ၏လက်ထက်တွင် ပြီးပြည့်စုံသော ထောက်လှမ်းရေး ကွန်ယက် ကိုထူထောင်နိုင်ခဲ့သည်။ နံရံတိုင်းတွင်နားရှိသည် ဟူသောဆောင်ပုဒ်နှင့် အညီ အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

နိုင်ငံတော်အစိုးရအဆက်ဆက်အား လက်နက်ကိုင်တိုက်ခိုက်ခဲ့သော သောင်းကျန်းသူအဖွဲ့ (၂ဝ)ကျော်နှင့် ငြိမ်းချမ်းရေးရယူပေးခဲ့ကာ နိုင်ငံတော်အေးချမ်းသာယာပြီး ဖွံဖြိုးတိုးတက်ရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။

၁၉၉ဝ-ခုနှစ် နောက်ပိုင်းအထိ ဗိုလ်ချူပ်ကြီးခင်ညွန့်အား ဗိုလ်ချုပ်နေဝင်းက လွှမ်းမိုးထိန်းချုပ် နေသေးသည်ဟု ယူဆခဲ့ကြသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း ပြည်တွင်းရှိ လူထုလူတန်းစား အလွှာ အသီးသီးကြားတွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်အနေဖြင့် အခြား အာဏာသိမ်း ခေါင်းဆောင်များထက် ပိုမိုထင်ရှား လူသိများလာခြင်းမှာ - (၁) လူထု မြင်ကွင်းတွင် စဉ်ဆက်မပြတ် ပုံရိပ်ထင်နေခြင်း၊ (၂) ဝါဒဖြန့်ချိမှုပုံစံများ ပါးနပ် သွက်လက်လျင်မြန် ထိရောက်ခြင်း၊ (၃) ပြည်သူလူထု၏ လိုအပ်ချက်ကို ကြိုတင်ထောက်လှမ်း စုဆောင်းပြီး အပြည့်အဝမဟုတ်သည့်တိုင် လိုဘပြည့် ကျေနပ်စေလောက်သည့် အခွင့်အရေးမျိုးဖြင့် ဖြည့်ဆည်းပေးခြင်း ဟုဆိုသော လူထုဆက်ဆံရေး လူထုဆက်သွယ်ရေးနည်းနာများကို မှန်မှန်ကန်ကန် အသုံးချတတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ အခြားသော စစ်ခေါင်းဆောင်များထက် ပိုလည်း ရက်စက်သည်ဟု သတင်းကြီးခဲ့သည်။

ဆေးဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ခင်ဝင်းရွှေနှင့် အိမ်ထောင်ကျသည်။ သမီး ဒေါ်သင်းလဲ့လဲ့ဝင်း၊ သား ဒုတိယဗိုလ်မှူးကြီး ဇော်နိုင်ဦး နှင့် bagan Cybertech တည်ထောင်သူ ဒေါက်တာရဲနိုင်ဝင်း တို့ကို ထွန်းကားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရသည့် ဒီပဲရင်းအရေးအခင်းအပြီး ၂ဝဝ၃ ခု သြဂုတ်လ တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခြင်းခံရသည်။ တာဝန်ရယူပြီး မကြာမီ ကာလအတွင်း လမ်းပြမြေပုံ ၇ ဆင့်ကို ကြေငြာခဲ့သည်။ အာဆီယံ နိုင်ငံမျာနှင့် အနောက်နိုင်ငံများအကြား မြန်မာနိုင်ငံနှင့် ၎င်း၏ စစ်အစိုးရ ဝင်ဆန့်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့သည်။ ၂ဝဝ၄ ခု အောက်တိုဘာ ၁၈ ရက်တွင် အဂတိ လိုက်စားမှုအကြောင်းပြချက်ဖြင့် အစိုးရအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရပြီး ရုံးတင်တရားစွဲဆိုခံရကာ ဆိုင်းငံ့ ပြစ်ဒဏ်ဖြင့် နေအိမ်၌ အကျယ်ချုပ် (၄၄) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး တပ်မတော် ထောက်လှမ်းရေး အရာရှိချုပ်ရုံးကိုဖျက်သိမ်း၍ ဌာနကြီးမှူးများဖြစ်သော ဗိုလ်မှူးချုပ်လှအောင်၊ ဗိုလ်မှူးချုပ် ကျော်ဟန်၊ ဗိုလ်မှူးချုပ်သန်းထွန်း၊ ဗိုလ်မှူးချုပ် မြင့်ဇော်၊ ဗိုလ်မှူးချုပ်ကျော်သိန်း၊ ဗိုလ်မှူးချုပ် သိန်းဆွေ နှင့် ဗိုလ်မှူးကြီး ခင်အောင်၊ ဗိုလ်မှူးကြီး စန်းပွင့် ဗိုလ်မှူးကြီး မြင့်အောင်ကျော်တို့ကို ဖမ်းဆီးအရေးယူခဲ့သည်။ဗိုလ်မှူးချုပ်သိန်းဆွေ နှင့် ဗိုလ်မှူးကြီးခင်အောင်အပါအဝင် တပ်မတော်ထောက်လှမ်းရေးအရာရှိကြီး (၃၈) ဦးကို အကျင့်ပျက်ခြစားမှုများနှင့် အမှုဖွင့်ပြီး ထောင်ဒဏ် နှစ် (၂ဝ) မှ နှစ် (၁ဝဝ) ကျော် ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်သည် နေအိမ်အကျယ်ချုပ်ကျခံနေရင်း (၂ဝ၁၂) ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ နံနက် (၁ဝ) နာရီတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ စတုတ္တအကြိမ်မြောက် အကျဉ်းသား ၆၅၁ ဦး လွတ်ရာ၌ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ နဝဒေးလမ်း၊ မိုး/ဇလဌာနရုံး အနောက်ဘက်၊ အမှတ် (၂၇) နေအိမ်၌ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည်။ လွတ်မြောက်ပြီးသည်နှင့် ပြည်တွင်းပြည်ပ မီဒီယာများနှင့် နာရီဝက်ခန့် တွေ့ဆုံခဲ့သည်။ နိုင်ငံရေး မလုပ်တော့ကြောင်း သူက ထုတ်ဖော် ပြောကြားသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here