Tuesday, April 16, 2013

ချောင်းသာကမ်းခြေသွား ကားမှောက်မှုမှာ အမျိုးသမီး ၄ ဦး သေဆုံး

0 comments

ဧပြီ(၁၆)

ဒီနေ့ သင်္ကြန်အတက်နေ့မှာ ချောင်းသာကမ်းခြေ အပန်းဖြေ ခရီးလာသူတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားကြီးတစီး  တိမ်းမှောက်ခဲ့တဲ့အတွက် အမျိုးသမီး ၄ ဦး သေဆုံးသွား ပါတယ်။

ကားမှောက်တဲ့နေရာကတော့ ပုသိမ် - ချောင်းသာလမ်း မိုင်တိုင် အမှတ် ၉/၀ က၊ ကျောက်ချောင်းကြီးတံတားအနီးမှာ ဖြစ်ပါတယ်။

ခရီးသည်တွေဟာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့က လာသူတွေဖြစ်တယ်၊ ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး နောက် ၁ ဦးကတော့ ပုသိမ်ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သင်္ကြန်နောက်ဆုံးနေ့ ဒီမနက် ၁ နာရီဝန်းကျင်မှာ တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း ပုသိမ် ယာဉ်ထိန်းဒုတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောပါတယ်။       

“ကားလမ်းက ဘယ်ဘက်ကိုကွေ့ရမယ့်နေရာမှာ လမ်းကို နည်းနည်းပိုယူပြီး ကွေ့လိုက်တော့ ဘီးကမြေသားပျော့တဲ့နေရာ ရောက်သွားတယ်။ အဲဒီမှာ ကားက ယိမ်းသွားတဲ့အချိန် ဘရိတ်ဖမ်းအုတ်လိုက်တော့ အရှိန်မထိန်းနိုင်ဘဲ ကားက ပက်လက်လန်သွားတာ” လို့ သူက ရှင်းပြပါတယ်။

“လူတွေကတော့ ကားနဲ့ညပ်ပြီးတော့ ဆုံးကြတာပါ။ အလောင်းတွေဆို ကားကိုပြန်ထောင်ပြီးမှ မနည်းဆွဲထုတ်ရတယ်”         
ခရီးသည် ၁ ဦးက ဒဏ်ရာပြင်းထန်တဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြောင်း၊ ကျန်တဲ့လူနာ ၂၉ ဦးကတော့ ပုသိမ်ဆေးရုံကြီးမှာ ကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရပါတယ်။     

“ကျနော်တို့ ပုသိမ်ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ လူနာတွေကို ဆေးရုံကို အမြန်ဆုံးရောက်ရှိအောင် ၀ိုင်းဝန်း ကူညီပေးခဲ့ပြီးတော့ ပုသိမ်-ချောင်းသာလမ်းမှာလည်း ယာဉ်ကြော ပိတ်ဆို့မှုမရှိအောင် အမြန်ဆုံး လုပ်ဆောင်ပေးခဲ့ပါတယ်”လို့ ပုသိမ် ယာဉ်ထိန်းရုံးက တာဝန်ကျအရာရှိက ပြောပါတယ်။       

ကားမှောက်မှုကြောင့် ဒဏ်ရာရသူနဲ့ သေဆုံးသူတွေကို ပုသိမ်မြို့အခြေစိုက် ဂရုဏာ၊ မနောဖြူနဲ့ ပုသိမ် နာရေးကူညီမှု အသင်းတို့က  လူနာတင်ယာဉ်တွေနဲ့ ဆေးရုံကို ၀ိုင်းဝန်းပို့ဆောင်ပေးခဲ့ပါတယ်။ ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးမောင်ကြည်၊ ခရိုင်ရဲမှူးတို့ကလည်း လူနာတွေအတွက် လိုအပ်တာတွေ ၀ိုင်းဝန်း ကူညီပေးခဲ့ကြောင်း သိရပါတယ်။           

 ပုသိမ်မြို့သင်္ဘောကျင်းရဲစခန်းက ယာဉ်မောင်းဖြစ်သူကို ပုဒ်မ ၃၃၇/၃၃၈၊ ၃၀၄ (က) စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူထားကြောင်း သိရပါသည်။

ဧရာဝတီBlog 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here