Monday, April 29, 2013

ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ဒေသ ၁၈ ခုတွင် ဆွေးနွေးပွဲပြုလုပ်မည်

0 comments

ဧပြီ(၂၉) 
ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်၏ဒေသဆိုင်ရာ ပညာရေးဆွေးနွေးပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဒေသ ၁၈ ခုတွင်ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါကွန်ရက် ဖြစ် မြောက်ရေးအဖွဲ့ဝင်ဒေါ်သူသူမာက ပြောသည်။

ဒေသဆိုင်ရာပညာရေးဆွေးနွေးပွဲများကို ကချင်ပြည်နယ်တွင် မြစ်ကြီးနား၊ ကယားပြည်နယ်တွင်
လွိုင်ကော်၊ မွန်ပြည်နယ်တွင် မော်လမြိုင်၊ ရခိုင်ပြည်နယ်တွင် တောင်ကုတ်၊ ရှမ်းပြည်နယ်တွင် တောင်ကြီးနှင့် လားရှိုး၊ ကရင်ပြည်နယ်တွင် ဘားအံနှင့် သံတောင်၊ ချင်းပြည်နယ်တွင် ဟားခါး၊ မန္တလေး တိုင်းဒေသကြီးတွင် မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မုံရွာ၊ မကွေးတိုင်း ဒေသကြီးတွင် ပခုက္ကူ၊ ပဲခူးတိုင်းဒေသကြီးတွင် ပဲခူး၊ပေါင်းတည်နှင့် တောင်ငူ၊ ဧရာဝတီတိုင်းဒေသကြီးတွင် မြောင်းမြ နှင့် ဟင်္သာတ တို့၌ပြုလုပ်ရန် လျာထားသည်ဟု သတင်းရရှိသည်။


အဆိုပါကွန်ရက်သည် ယခင်က ပြည်သူ့လွှတ်တော်သို့ နိုင်ငံလုံးဆိုင်ရာ ပညာရေးမူဝါဒကြမ်းကို ၂၀၁၄ ခုနှစ်တွင် တင်ရန်လျာထားခဲ့ကြသော်လည်း မကြာမီပြန်လည်ကျင်းပမည့် ပထမအကြိမ် သတ္တမပုံမှန် အစည်းအဝေးစတင်ချိန်၌ တင်ပြမည်ဖြစ်ရာ ဒေသဆိုင်ရာပညာရေးဆွေးနွေးပွဲများကို
မေလအတွင်း ပြုလုပ်မည်ဟု ဆိုသည်။


ထို့အပြင် ယင်းမူဝါဒရေးဆွဲရန် နိုင်ငံလုံးဆိုင်ရာ ပညာရေးဆွေးနွေးပွဲကိုလည်း ဇွန်လလယ်ပိုင်းတွင် ပြုလုပ် မည်ဟု သတင်းရရှိသည်။ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ကို နိုင်ငံလုံး ဆိုင်ရာ ပညာရေးမူဝါဒတစ်ရပ် ချမှတ်နိုင်ရန်အတွက် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ ပညာရေးအဖွဲ့ အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ဆက်သွယ်၍ ယခုနှစ်ဇန်နဝါရီမှ မတ်လအတွင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

7 Day News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here