Sunday, May 26, 2013

ဘိုးဘိုးအောင် ဖန်ဆင်းတဲ့ ဝ လား...... (၂)

0 comments

မေလ ၂၆ ရက်
 

ဓါတ်ပုံ ဝ ဒေသ၏ စီးပွားရေးမြို့တော် ပန်ဆန်း ခေါ် ပန်ခမ်း (Pang Kham) 
ဆုံးသွားပီဖြစ်သော သူငယ်ချင်း စောမားကပ်စ်စီမှ ယူပါသည်....

 
ဝ ကိစ္စနဲ့ ပါတ်သက်ပီး ကျွန်တော်ရေးထားတဲ့ စာပေါ်မှာ အမျိုးမျိုးသော မှတ်ချက်တွေ အမြင်တွေ ဝေဖန်တာတွေ တိုက်ခိုက်တာတွေ လက်ခံရခဲ့တယ်...... ဒီအထဲမှာ အဓိက တားဂက်ဖြစ်တဲ့ ဘာကြောင့် ပြည်နယ်တောင်းသလဲ ဆိုတဲ့အပေါ်မှာ ဆွေးနွေးကြတာ နည်းပီးတော့ ပြည်နယ် ပေးသင့် မပေးသင့်ကို ဆွေးနွေးတာ ပိုများတာကိုလည်း သတိထားမိတယ်...... ထူးထူးခြားခြား ဘင်္ဂါလီတွေ ခိုးဝင်လာတာကို လက်ခံပီး ရိုဟင်ဂျာကို နိုင်ငံသားဖြစ်တယ်ဆိုတဲ့ အဆိုကို တောက်လျှောက်တင်သွင်းတဲ့ ဘင်္ဂါလီ လော်ဘီကလည်း ဝ ကို လုံးဝ လက်မခံတာကို ထူးထူးဆန်းဆန်းတွေ့လိုက်ရတယ်..... ဘာပဲဖြစ်ဖြစ် အပြန်အလှန် ဆွေးနွေးကြရင်းကနေ အသိတစ်ချို့တွေ ထပ်တိုးသလို လူတွေ နားလည်မှု လွဲမှားသွားတဲ့၊ သေခြာ နားမလည်တဲ့ ကိစ္စတွေရှိလာတဲ့အတွက် ဒီစာကို ထပ်ရေးဖို့ ဖြစ်လာခဲ့တယ်.......

ပထမဆုံးတစ်ချက်က ဝ စစ်ရေးမြို့တော် မိုင်းမော (Mong Maw) မှာ ဓါတ်ပုံရိုက်ရင် သေဒဏ်ဆိုတဲ့ကိစ္စကို တော်တော်များများက ယုံတမ်းစကားလို့ ထင်ကြတယ်..... မိုင်းမောဟာ ဝ ဒေသရဲ့ စစ်ရေးဌာနချုပ် ဖြစ်တဲ့အပြင် ဝ စစ်သားတွေရဲ့ လက်မောင်းပါတ်မှာ ပါတဲ့ တောင်သုံးလုံးဟာလည်း အဲ့ဒိဒေသမှာပဲ ရှိပါတယ်...... မိုင်းမောတောင်သုံးလုံးရဲ့ အလယ်တောင်ဟာ အလွန်ကို မြင့်မားပြီး တောင်ထိပ်ကို အင်မတန် ရာသီဥတု ကြည်လည်တဲ့နေ့မှသာ မြင်ရလေ့ ရှိပါတယ်...... မိုင်းမောမြို့ကိုယ်တိုင် တစ်ပါတ်မှာ ၄ ရက်လောက် မြူတွေဆိုင်းနေတဲ့ တောင်ပေါ်မြို့လေး ဖြစ်တဲ့အတွက်လည်း မိုင်းမော တောင်သုံးလုံးဟာ တိမ်ဖုံးနေတာ မဆန်းပါဘူး...... ဆန်းတာကတော့ အဲ့ဒိတောင်သုံးလုံး ရှိတဲ့အနက် တောင်ပေါ်ကို တက်တဲ့လမ်းဟာ အလယ်တောင်ဘက်က တက်ရပါတယ်......

ဝ စစ်သားတွေထဲမှာတောင်မှ သတ်မှတ်ရာထူး၊ တက်ခွင့်ရှိသူမဟုတ်ရင် အဲ့ဒိတောင်ပေါ်ကို တက်ခွင့်မရှိပါဘူး...... သေဒဏ်ပါ.... တစ်နှစ်မှာ တစ်ခါတော့ ဝ ပွဲတော်နေ့မှာ အဲ့ဒိတောင်ပေါ်ကို အရပ်သားတွေလည်း တက်ခွင့်ရတယ်လို့ဆိုပါတယ်..... တောင်ပေါ် ရောက်ဘူးတဲ့ အချို့တွေရဲ့ အဆိုအရ အဲ့ဒိတောင်ပေါ်မှာ နတ်ရေကန်လို့ ခေါ်တဲ့ အင်မတန်ကြီးတဲ့ ရေကန်ကြီးရှိတယ် ဆိုပါတယ်..... ရှေးဟောင်းဘုရား၊ ကျောင်းကန်တွေလည်း ဝ ဒေသမှာ ရှိပါတယ်..... ဝ ဒေသကိုကျွန်တော်ရောက်သွားခဲ့တာ ၂၀၀၇၊ ၂၀၀၈ ဝန်းကျင်ကပဲ ဖြစ်ပါတယ်..... ကျွန်တော် ပထမဆုံး ရောက်သွားတဲ့ ခရီးမှာ အရာရာ စပ်စပ်စုစု နိုင်တဲ့ ကျွန်တော့်ကို မိုင်းမောမှာ ဓါတ်ပုံမရိုက်ဖို့ ဝိုင်းသတိပေးတာပါ.......

ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့မရောက်ခင် လ ပိုင်းလောက်ကမှ မြန်မာဘက်က ထောက်လှမ်းရေး ဗိုလ်မှူးတစ်ဦးကို သူလျှိုမှုနဲ့ သေဒဏ်ပေးလိုက်တဲ့အတွက်ပဲ ဖြစ်ပါတယ်.... သူတို့အဆိုအရ အဆိုပါ ပုဂ္ဂိုလ်ဟာ ဝ ဒေသမှာ ရောက်နေတာ သုံး၊ လေး နှစ်မကတဲ့အပြင် ဒေသခံနဲ့ အိမ်ထောင်ကျပြီး ကလေးတောင် ရနေတယ်လို့ ဆိုပါတယ်..... မကြာခဏ တောထဲကိုသွားပီး စက်တစ်လုံးနဲ့ သတင်းပို့နေတာကို မသင်္ကာလို့ ဖမ်းပီး စစ်ဆေးရာကနေ အဖြစ်မှန်ပေါ်သွားတဲ့အတွက် တစ်ပါတ်အတွင်းမှာ သေဒဏ်ပေးပီး သတ်ပလိုက်တယ်လို့ ဆိုပါတယ်..... ဒီအတွက် ဝ စစ်ရေးမြို့တော် မိုင်းမောမှာ ဓါတ်ပုံရိုက်ရင် သူလျှိုမှုနဲ့ သေဒဏ်ဆိုတာကို သိလိုက်ရလို့ ရေးခြင်းဖြစ်ပါတယ်.....

သူလျှိုမှုတင် မဟုတ်ပါဘူး ခိုးမှုလည်း ဝ ဒေသမှာ သေဒဏ်ထိုက်ပါတယ်..... ကျွန်တော် INGO တစ်ခုမှာ အလုပ်လုပ်ခဲ့စဉ်က ညအိပ် ညနေ နေခဲ့တဲ့ မိုင်းပေါက်၊ ပန်ဆန်း၊ မိုင်းမောမှာရှိတဲ့ ရုံးတွေမှာ တခါးကို တော်ရုံတန်ရုံ ပိတ်ထားလေ့ မရှိပါဘူး..... မိုးတအားရွာရင်သာ ပိတ်ထားတာ ကျန်တဲ့အချိန်တွေ ဖွင့်ထားတာပါပဲ..... အပြင်သွားလို့ ရုံးထဲမှာ တစ်ယောက်မှ မရှိလျင်တောင် ဒီအတိုင်းထားသွားပါတယ် သူခိုးမခိုးပါဘူး..... ဈေးနေ့တွေ ရှိတဲ့နေ့မျိုးမှာတော့ တောနယ်တွေက တက်လာတဲ့ ဝ အပါအဝင်တိုင်းရင်းသား ဒေသခံတွေဟာ သူတို့ကို ကျန်းမာရေး စောင့်လျှောက်မှုပေးနေတဲ့ ကျွန်တော်တို့ ရုံးတွေကို လာလေ့ရှိပါတယ်..... သူတို့ရဲ့ သစ်ဥ၊ သစ်ဖုတွေကို အတင်းပဲ လက်ဆောင်ပေးလေ့လည်း ရှိကြတယ်..... ရုံးထဲက ဝန်ထမ်းတွေကိုလည်း တော်တော်လေး ရိုသေ လေးစား ကြောက်ရွံ့ကြတာကို သတိထားမိတယ်...... ဘယ်လိုတွေ အလုပ်လုပ် ပိုက်ဆံရှာနေလို့ သူတို့ကို ပိုက်ဆံမယူပဲ ဆေးကုနိုင်သလဲ ဆိုတာလည်း ရုံးထဲဝင်ပီး စပ်စုကြပါတယ်..... ဒါပေမယ့် ဘာပစ္စည်းမှ မခိုးပါဘူး...... အင်မတန်ရိုးသားကြပါတယ်.......

ခိုးမှုတင် မဟုတ်ပါဘူး မုဒိမ်းမှုလည်း သေဒဏ်ထိုက်ပါတယ်..... ပြစ်ဒဏ်ပေးတဲ့ ထုံးစံကတော့ ဈေးနေ့တွေမှာ တရုတ်ရုပ်ရှင်ထဲကလို သစ်သားပြားကြီးမှာ ခေါင်းကလေးပဲ ဖော်ထားပီး ဘာအမှုကြောင့် ပြစ်ဒဏ်ကျခံရပါတယ်၊ သေဒဏ် ဘယ်နေ့ဘယ်မှာ ပေးပါ့မယ်ဆိုတာကို အော်ရပါတယ်..... အော်တဲ့အသံတိုးရင် နောက်ကနေလိုက်လာတဲ့ ရဲဘော်လေးတွေက သေနတ်ဒင်နဲ့ ကျောကုန်းကို နှံလေ့ရှိပါတယ်..... ပြစ်ဒဏ်ပေးမယ့်နေ့မှာ စိတ်ဝင်စားသူ မည်သူ့ကိုမဆို လာကြည့်ခိုင်းပါတယ်...... တရားခံဟာ သူ့ကျင်းကို သူတူးရပါတယ်...... ခိုးမှုကတော့ တစ်ချက်တည်း ပစ်သတ်ပေမယ့် မုဒိမ်းမှုကတော့ ၇ ချက်ပစ်ပါတယ်..... စိတ်ရှည်လက်ရှည် မုဒိမ်းသမားကို သေနတ်နဲ့ပစ်သတ်မယ့် စစ်သားအတွက် မုဒိမ်းသမားရဲ့ မိသားစုက အမြည်းနဲ့ ယာမကာကို ဝယ်ပေးရပါတယ်....... 

ဘာကြောင့်လည်းဆိုတော့ သေနတ် ၇ ချက်ကို တစ်ခါတည်း ပစ်တာမဟုတ်တဲ့အတွက်ပါပဲ...... မုဒိမ်းသမားကို သူ့ကိုမြှုပ်မယ့် ကျင်းနားမှာခြေကားယား ထိုင်ခိုင်းပီး ခြေထောက်တွေကနေ စ ပစ်ပါတယ်...... သေနတ်နဲ့ တစ်ချက်ပစ်လိုက်၊ ခဏနား အရက်သောက်လိုက် အမြည်းစားလိုက်၊ စိတ်ပါလာရင် နောက်တစ်ချက်ထပ်ပစ်လိုက် နားလိုက်နဲ့ နောက်ဆုံး ၇ ချက်မြောက်မှာမှ သေကွင်းသေကွက်ကို ရွေးပစ်ပါတယ်..... ၇ ချက်မပြည့်ခင်မှာ မုဒိမ်းသမားလည်း သွေးထွက်လွန်ပီး မျော့နေပါပီ..... ဘာကြောင့်ဒီလိုလုပ်သလဲ ဆိုတာကို မေးကြည့်လိုက်တော့ ဒီလိုလုပ်မှ နောင်ကျဉ်မှာမို့ ဒီလိုပစ်ဒဏ်ပေးတယ်လို့ ဆိုပါတယ်......

ဒီလို သေဒဏ်တွေသတ်မှတ်ထားလို့ ခိုးမှု၊ မုဒိမ်းမှု မရှိဘူးလို့ မငြင်းပါဘူး..... ကြိုကြား ကြိုကြား ရှိပေမယ့် တအားနည်းပါတယ်...... ဘိန်းသီးတစ်လုံးကို ခေါင်းတစ်လုံးလို့ သတ်မှတ်ထားပေမယ့်လည်း ဆင်းရဲမွဲတေမှုကြောင့် စားဝတ်နေရေးအတွက် ဘိန်းစိုက်ရင်း မိသားစုအတွက် အသက်ပေးသွားရတဲ့ သူတွေလည်း ရှိခဲ့ပါတယ်...... ဝ အစိုးရကိုယ်တိုင် တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် ဘိန်းစိုက်ပျိုးမှုကို တိုက်ဖျက်နေပေမယ့် ဘိန်းအစားထိုး သီးနှံ၊ ဘိန်းစိုက်တောင်သူတွေရဲ့ ဘဝ မြှင့်တင်မှုနဲ့ ပါတ်သက်လို့ စီမံခန့်ခွဲမှုပိုင်းမှာ အားနည်းနေတဲ့အတွက် ဘိန်းစိုက်ပျိုးမှုကို အနည်းငယ် ကျန်ရှိနေသေးတယ်လို့ ယူဆရပါတယ်..... သို့သော် နေရာအများစုမှာ ဘိန်းစိုက်ပျိုးမှု မရှိသလောက် နည်းပါးသွားပါတယ်..... နှစ်စဉ်ထွက်ရှိနေတဲ့ UNODC နဲ့ DEA ရဲ့ အစီရင်ခံစာတွေမှာ ဝ ဒေသရဲ့ ဘိန်းနဲ့ပါတ်သက်တဲ့ အစီရင်ခံစာတွေကနေ ရလာဘ်ကို လေ့လာနိုင်ပါတယ်.....

ဝ ဒေသမှာ ပြည့်တန်ဆာ လုပ်ငန်းဟာ တရားဝင်လုပ်ကိုင်ခွင့်ရှိပါတယ်..... ပြည့်တန်ဆာတင်မဟုတ်ပါ၊ ဥပဒေအရ တားမြစ်ထားတဲ့ ကိစ္စကလွဲရင် ကျန်တာဟာ တစ်ဖက်သားကို ထိခိုက်လို့ အတိုင်မခံရသရွေ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိပါတယ်..... အချို့တွေဟာ မိမိရဲ့ ဇနီးမယားကို အခြားသူများနဲ့ လိင်ဆက်ဆံခိုင်းပီး ပိုက်ဆံရှာခြင်းမျိုးရှိပါတယ်..... သူတို့အခေါ် ဈေးရောင်းတယ်လို့ ခေါ်ပါတယ်.... ဝ ဒေသမှာ အလုပ်လုပ်တဲ့ ယောက်ျားလေးတွေ ရှားပါးတဲ့အတွက် အလုပ်ကောင်းကောင်း လုပ်တဲ့ ယောက်ျားလေးတွေဟာ မျက်နှာပွင့်ပါတယ်...... ညီအစ်မတွေကို တစ်ယောက်တည်းက ယူတာတို့၊ သူငယ်ချင်းတွေကိုပါ ယူထားတဲ့ အိမ်ထောင်ဦးစီး ယောက်ျားတို့ကို အဲ့ဒိမှာမှ တွေ့ခဲ့ မြင်ခဲ့ရပါတယ်...... အဓိက မပျက်မဆီးပဲနဲ့သာ နေပါလေ အမျိုးသမီးတွေဟာ အိမ်ထောင်ဦးစီးအတွက် မျက်နှာမညိုအောင် ဂရုတစိုက်နဲ့ ရှာကြွေးတာကို ထူးထူးခြားခြား တွေ့ခဲ့ရတဲ့ ဒေသတစ်ခုပါ.......

ဝ ဒေသမှာ ဆင်းရဲလွန်းတဲ့အတွက် မွေးဖွားလာတဲ့ ကလေးကို တစ်ဖက်နိုင်ငံကို ရောင်းစားတာလည်း ထုံးစံလို ဖြစ်နေတတ်ပါတယ်...... အထူးသဖြင့် မွေးကင်းစ ၆ လ အောက် ကလေးငယ်တွေပဲ ဖြစ်ပါတယ်...... တစ်ဖက်နိုင်ငံကတော့ တရုတ်နဲ့ ထိုင်းတို့ဖြစ်ပီး တရုတ်က အဝယ်များပါတယ်...... မွေးပီး ခိုင်းဖို့အတွက် ဝယ်ကြသလို၊ ကလေးအသားဟာ အားတိုးတယ် ဆိုတဲ့ စိတ်နဲ့ သတ်စားဖို့ ဝယ်ကြတာလည်း ရှိခဲ့ပါတယ်..... သူတို့အဆိုအရတော့ ဈေးကောင်းပေးတာ ထိုင်းက ပိုပေးတယ်လို့ သိရပါတယ်...... ဝ နဲ့ နယ်မြေခြင်း ထိစပ်နေတဲ့ ကိုးကန့် အထူးဒေသ (၄) မိုင်းလားနားက အချို့ဒေသတွေမှာ မွေးကင်းစ ကလေး ၃ လအောက်သေရင် မြေမမြှုပ်တောပဲ ဝယ်မယ့်လူကို ရောင်းစားလိုက်တယ်လို့ ဆိုပါတယ်..... 
ကျွန်တော်ရောက်ချိန်မှာ မွေးထားတဲ့ ကလေး ၃ ယောက်ကို ရောင်းစားပီး ၇ ယောက်မြောက် ကလေးကို မွေးထားတဲ့ မိခင်တစ်ယောက်နဲ့ ဆေးခန်းမှာ ကြုံတုန်း စကားပြန်ကနေတစ်ဆင့် အင်တာဗျူးခွင့် ရခဲ့ပါတယ်..... အဓိက သူ့ရဲ့ ကလေးတွေအပေါ် ထားတဲ့စိတ်နဲ့ အကြောင်းခြင်းရာကို သိချင်တဲ့အတွက် စပ်စုခဲ့ခြင်းပါ..... ဒီကလေးတွေကို ရောင်းစားတာ ဘယ်လောက်ရသလဲမေးတော့ သူပြောပြပေမယ့် ပျမ်းမျှကတော့ ယွမ် ၁၅၀၀ နဲ့ ၂၀၀၀ ကြား ရပါတယ်..... အဲ့ဒိအချိန်က မြန်မာငွေနဲ့ဆို ၁၀ သိန်းအောက်ပါ..... ရောင်းလိုက်တဲ့ကလေးတွေကို သတ်စားမယ်ဆိုတာ မသိဘူးလားမေးတော့ သိတယ်တဲ့..... ဒါဖြင့် ဘာလို့ ရောင်းစားလဲမေးတော့ ဆင်းရဲနေတာ အဲ့လိုမှ ရောင်းမစားရင် ဘယ်သူက ရှာကြွေးမှာလဲ ဆရာရယ်၊ ယောက်ျားလည်း အားကိုးမှ မရတာတဲ့...... ဒီကလေးတွေကို မချစ်ဘူးလား မေးတော့ ချစ်ပေမယ့် လိုချင် နောက်တစ်ယောက် ယူလို့ရတယ်လေတဲ့...... မွေးဖို့ကလည်း ဆရာတို့လို အဖွဲ့အစည်းတွေ ရှိနေတော့ မပူရဘူးလေ ဆိုတဲ့စကားကို ကြားရတော့ ဆက်မေးဖို့ ကျွန်တော်ခွန်အားမရှိလို့ လှည့်ထွက်လာခဲ့ဘူးတယ်......

တစ်ချို့တွေ ပြောနေတဲ့ ဝ ဒေသမှာ မြန်မာတွေ ရဲရဲ သွားလို့ မရဘူးဆိုတဲ့ ကိစ္စကတော့ မိုင်းမောတော့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မိုင်းပေါက်၊ ပန်ဆန်းမှာတော့ ကျွန်တော် တည်းတဲ့နေရာကို မနက် လေးနာရီ၊ ငါးနာရီမှ ပြန်ပေမယ့်လည်း ပြဿနာတစ်ခုမှ မဖြစ်ခဲ့ပါဘူး..... များသောအားဖြင့် ဒစ်စကိုဘားမှာ သွားကပြီးတော့ ပြန်လေ့ရှိတဲ့ ကျွန်တော့်အတွက် ပန်ဆန်းက အိပ်မောကျနေတဲ့ မီးအိမ်နီ လမ်းလေးမှာ လမ်းလျှောက်ရတာ အဲ့ဒိအချိန်မှာ အင်မတန် ကြည်နူးဖို့ကောင်းတဲ့ အချိန်လေးတွေပါ..... မိုင်းမောမှာ ကျွန်တော်တို့လို လူစိမ်းတွေကို ၁၀ နာရီထိုးရင် ဆိုင်တွေကနေ လက်မခံဖို့ ကြေငြာချက်ထုတ်ထားပါတယ်..... ဒါပေမယ့် ရင်းနှီးနေရင် ကိုယ်နေတဲ့နေရာကို မှာပီးလာပို့ခိုင်းလို့ ရပါတယ်..... ဒါတွေ ပြောနေရခြင်းဟာ ဝ ဒေသရဲ့ ဒေသခံတွေရဲ့ ဘဝကို သိစေချင်တဲ့အတွက်ပဲ ဖြစ်ပါတယ်...... ဒီအပေါ်မှာ ကျွန်တော့်ရဲ့ သုံးသပ်ချက်ကို မပေးလိုပါ.... ကိုယ့်ဟာကိုယ် လွတ်လပ်စွာ ဆုံးဖြတ်နိုင်ပါတယ်.....

ဝ ဒေသရဲ့ လမ်းတွေဟာ အင်မတန် ချောင်ကျတဲ့ နေရာတွေကလွဲပီး ဖြောင့်ဖြူးနေတာ များပါတယ်.... တောင်တွေအများစုမှာရှိတဲ့ သစ်ကြီး ဝါးကြီးတွေဟာ တရုတ်ရဲ့ လက်ချက်နဲ့ ကုန်ပါတယ်..... မိုင်းမောနဲ့ ပန်ဆန်းကြားမှာ ရွှေမိုင်းရှိပါတယ်..... ရွှေမိုင်းဟာ ကားလမ်းမကို ကန့်လန့်ဖြတ်လို ဖြစ်နေတဲ့အတွက် မိုင်းမောနဲ့ ပန်ဆန်းကို သွားတဲ့ ကားတိုင်းဟာ အဝင်တစ်ခါ၊ အထွက်တစ်ခါ အလေးချိန် ချိန်ရပါတယ်..... လူတွေပါ အဝင်ကော အထွက်ပါ လမ်းလျှောက်ရပီး အလေးချိန် ချိန်စက်ကနေ ဖြတ်ရပါတယ်...... တအားတင်းကြပ်ပါတယ် ဘယ်သူမှ စောဒက တက်ပိုင်ခွင့် မရှိပါဘူး...... အဆိုပါ နေရာမှာ ရွှေထွက်တယ် ဆိုတဲ့အချိန်မှာ တရုတ်ဟာ အကျိုးအမြတ်ကိစ္စကို ဘေးဖယ်ထားပါ လိုအပ်တဲ့ နည်းပညာ၊ ပစ္စည်းကိရိယာကို အကုန်သူတို့စိုက်လုပ်ပေးမယ်ဆိုပီး လုပ်ကိုင်ပေးနေတယ်လို့လည်း သိရပါတယ်...... မြန်မာနိုင်ငံမှာ ရွှေထွက်တဲ့တောင်တွေ အများကြီးရှိပါတယ်...... မှတ်ချက် ။ ။ ကျွန်တော်တို့ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် ဂွ မြို့ကြားက ရိုးမတောင်တွေ ရွှေထွက်လို့ အလုံးလိုက် ပျောက်သွားတာ လူမသိကြပါဘူး...... တရုတ်က လူသိရင်တစ်မျိုး မသိရင်တစ်မျိုးနဲ့ ဝါးမြိုဖို့ နည်းပေါင်းစုံ ကြိုးစားနေတာပါ......

ဆက်ရန်……….

ဘိုးဘိုးအောင် ဖန်ဆင်းတဲ့ ဝ လား...... (၁)

James Mint

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here