Friday, May 3, 2013

အမှားအယွင်း ကင်းစေရန် တိုင်းရင်းသား ဆက်ဆံရေး ကော်မတီ NLD ဖွဲ့စည်း

0 comments
မေ(၃)ရက်

စံခလပူရီ (မဇ္ဈိမ)။ ။ တိုင်းရင်းသားများအရေးနှင့် ပတ်သက်၍ ပါတီတွင်း ဆုံးဖြတ်ချက်များ ချရာတွင် အမှား အယွင်း ကင်းနိုင်ရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီ တရပ်ကို ဧပြီလကုန်တွင် ဖွဲ့စည်းလိုက်သည်။

ကော်မတီကို ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်သည့် ဦးထွန်းထွန်းဟိန်နှင့် နန်းခင်ထွေးမြင့် တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ကြသည်။

“ကျနော်တို့က နိုင်ငံရေးပါတီ တခုအနေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ တခြား အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဖို့က ရှိလည်း ရှိတယ်လေ။ ရှိလည်း ရှိရမယ်လေ။ ဒါ့ကြောင့် ကျနော်တို့ အမြင်တွေ ဆုံးဖြတ်ချက် ချတဲ့နေရာမှာ မမှားယွင်းရအောင် အခုလို လိုအပ်တဲ့ ကော်မတီကို ဖွဲ့တာ ဖြစ်တယ်” ဟု NLD ပြောခွင့်ရ ဦးဉာဏ်ဝင်း က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားများတွင် တဦးအပေါ်တဦး ယုံကြည်မှု အားနည်းခြင်းသည် အားနည်းချက်တခု ဖြစ်ပြီး စစ်မှန်သော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ၎င်း အားနည်းချက်များကို ပြုပြင်ရန် လိုအပ်သည်ဟုလည်း ဦးဉာဏ်ဝင်း က ရှုမြင်သည်။

NLD တွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်ပြီး နိုင်ငံသားအပေါ် အခြေခံသည့် ပါတီတခု ဖြစ်သည်။

တိုင်းရင်းသား အဖွဲ့အစည်းဟု ဆိုရာတွင် လက်နက်ကိုင် တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့များလည်း ပါဝင်ပြီး လက်ရှိတွင် ဆက်သွယ်ရသည့် အဖွဲ့များနှင့် တိုင်းရင်းသားအရေးကို တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ရှိသော် လည်း ကော်မတီ ဖွဲ့စသာ ဖြစ်သည့်အတွက် အစီအစဉ် အသေးစိတ်ကို မချရသေးကြောင်း NLD ပြောခွင့် ရလည်းဖြစ်၊ ဆက်ဆံရေး ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်သူ နန်းခင်ထွေးမြင့် က ပြောသည်။

၎င်းပြင် NLD အနေနှင့် ဧပြီလကုန်တွင်ပင် ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ်များကို ခန့်အပ် တာဝန်ပေးခြင်း အပါအဝင်
တောင်သူလယ်သမားရေးရာ ကော်မတီ၊ အခြားအဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီ စသည်တို့ကိုလည်း ဖွဲ့စည်းခဲ့သည်။

ယခုကဲ့သို့ ကော်မတီ ဖွဲ့စည်းလိုက်ခြင်းဖြင့် လုပ်ငန်း ဖော်ဆောင်ရာတွင် လွယ်ကူပြီး ပိုမိုထိရောက် အောင်မြင် လိမ့်မည်ဟု မျှော်လင့်ကြောင်း နန်းခင်ထွေးမြင့် က ဆိုသည်။

“ကျမတို့က အလုပ်တခု လုပ်တဲ့အခါကျတော့လေ ကိုယ့်မှာ ကိုယ့်တာဝန်နဲ့ ဆက်စပ်မှု ရှိတဲ့အခါကျတော့ အလုပ်က အရင်ကလိုလည်း မပြန့်ကျဲတော့ ပိုပြီးထိရောက်တယ်လေ” ဟု မဇ္ဈိမကို ပြောဆိုသွားသည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here