ဇွန်လ ၁၁ ရက်
ကလောမြို့နယ်အတွင်းရှိ အာရှကမ္ဘာမြေကုမ္ပဏီလုပ်ကွက်တွင် ယမန်နေ့ ညပိုင်း(၁)နာရီက ကာဗွန်ချက် ကန်စောင့် လုံခြုံရေးဝန်ထမ်း(၃)ဦးအား အနုကြမ်းစီးပြီး ရွှေထုတ်မည့် ကာဗွန်များအား အိတ်ဖြင့်ထုပ်ပိုးလုယူ သွားကြောင်း သိရှိရပါသည်။
အနုကြမ်းစီးခံရသူ ကိုမောင်မောင်နိုင်က “ကျွန်တော်ရယ်၊ မြင့်သူနဲ့ မင်းဇော်ဦး အပါအ၀င်(၃)ဦးဟာ ကာဗွန် ချက်ကန်ကို လုံခြုံရေးစောင့်နေတုန်း မနေ့က ည(၁)နာရီလောက်ဖြစ်မယ်ထင်တယ် မျက်နှာဖိုးစွပ်ထားတဲ့ လူ(၄)ဦး က ကျွန်တော်တို့မျက်နှာတွေကို ဓါတ်မီးနဲ့ထိုးပြီး အတင်းဝင်လုံးတယ်၊ ရုတ်တရက်ဆိုတော့ ကျွန်တော် တို့လည်း အငိုက်မိသွားတာပေါ့၊ ကျွန်တော်တို့ကို ၀မ်းလျားမှောက်ခိုင်းပြီး ပါးစပ်ထဲကို အ၀တ်စတွေ အတင်းထိုး သွင်းတယ်၊ ဓါးနဲ့ထောက်ပြီး လက်ပြန်ကြိုးတုတ်တယ်၊ ပြီးတော့ ကာဗွန်ချက်ကန်ထဲက ရွှေထုတ်ဖို့ အသင့် လုပ်ထားတဲ့ ကာဗွန်တွေကို အိတ်နဲ့ထည့်ပြီး ယူသွားကြတယ်။ လေးဆယ့်ငါးမိနစ်လောက်ကြာတော့ မြင့်သူက ကြိုးပြေသွားတဲ့အတွက် ကျွန်တော်နဲ့ မင်းဇော်ဦးကို ကြိုးဖြေပေးတယ်။ ကျွန်တော်တို့လည်း ကုမ္ပဏီတာဝန်ရှိ သူတွေကို ဆက်လက်သတင်းပို့ပြီး လူစုခွဲရှာတဲ့အခါမှာတော့ မျိုးထွန်းဇော်ကို ကာဗွန်အိတ်တွေနဲ့အတူ ဖမ်းဆီး ရမိတဲ့အတွက် ရွှေလုပ်ကွက်ရဲကင်းကို အပ်လိုက်ပါတယ်” ဟု ပြောပြသွားခဲ့ပါသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျားပါးစပ်ရွှေလုပ်ကွက် ရဲကင်းမှူး ရဲအုပ်ဘိုဘိုအား မေးမြန်းခဲ့ရာ ပစ္စည်းခိုးယူသွား သော အမည်မသိ(၄)ဦးထဲမှ မျိုးဇော်ထွန်းအား ကာဗွန်ထုပ်များနှင့်အတူ ကုမ္ပဏီတာဝန်ရှိသူများက လာရောက်အပ်နှံခဲ့သဖြင့် ကလောရဲစခန်းသို့ ဆက်လက်ပို့ဆောင်ပြီး အမှုဖွင့်အရေးယူထားကြောင်းနှင့် ကျန်ရှိ သောတရားခံ(၃)ဦးအား ဆက်လက်ဖမ်းဆီးနိုင်ရေး ရှာဖွေစုံစမ်းလျက်ရှိကြောင်း ပြောကြားသည်။
