ဇွန်လ ၁၁ ရက်
မိုင်းရှုးမြို့နယ် ဂေါ်ပင်ကုန်းကျေးရွာတွင် SSPP/SSA အဖွဲ့က ၀င်ရောက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ရွာသား တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်မှာ ယမန်နေ့မနက်ပိုင်းက SSPP/SSA အဖွဲ့ဝင်(၄)ဦးသည် ဂေါ်ပင်ကုန်းကျေးရွာသို့ ၀င်ရောက် လာပြီး သေနတ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ ဦးကျော်ငြိမ်း အသက်(၆၀)နှစ်မှာ ညာဘက်လက်ပြင်နှင့် ကျောကုန်းတွင် သေနတ်တစ်ချက်စီထိမှန်ပြီး နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းနှင့် ဦးရွာသားအသက် (၅၀) နှစ်မှာ ညာလက်မောင်း၊ ညာနံစောင်း၊ ကျောကုန်းဘယ်ဘက်တို့တွင် သေနတ်တစ်ချက်စီ ထိမှန်းဒဏ်ရာရရှိ ခဲ့ကြောင်း၊ ဒဏ်ရာရရှိသူအား လွယ်ဆောင်ထောက် ဆေးရုံ၌ ဆေးကုသပေးနေစဉ် စိုးရိမ်စရာအနေအထား ဖြစ်လာသောကြောင့် မိုင်းရှုးဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း ဂေါ်ပင်ကုန်ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
SSPP/SSA အဖွဲ့နှင့် နိုင်ငံတော်အစိုးရအဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင်များသည် ၂၀၁၃ ခုနှစ်မေလထဲတွင် လားရှိုးမြို့၌ အပစ်အခတ်ရပ်စဲရေးကိစ္စများနှင့်ပတ်သက်၍ နှစ်ဖက်တပ်များလိုက်နာမှု ရှိစေရေး ဆွေးနွေးခဲ့ကြသော်လည်း SSPP/SSA အဖွဲ့ဝင်များ လှုပ်ရှားသွားလာနေသော မိုင်းရှုးမြို့နယ်၌ အပြစ်မဲ့ရွာသားနှစ်ဦးအပေါ် အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲမှာ စာရွက်ပေါ်၌သာ သဘောတူထားသလိုဖြစ်နေပြီး SSPP/SSA အဖွဲ့ဝင်များ၏ ဥပဒေမဲ့ လုပ်ရပ်များကို တားဆီးထိန်းသိမ်း အရေးယူပေးရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရှိရပါသည်။