Monday, June 17, 2013

လွှတ်တော်ပြင်ပ ပူးပေါင်းဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးမည်

0 comments

ဇွန်လ ၁၇ ရက်

လွှတ်တော်ပြင်ပ ပူးပေါင်း ဆောင်ရွက်ရေးအတွက် တိုင်းရင်းသား ခေါင်းဆောင်များနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဇွန်လ ၁၈ ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း ရှမ်း တပ်ပေါင်းစုဌာနမှ ဦးစိုင်းထွန်းအိမ်က The Voice သို့ ပြောကြားသည်။

ကရင်ပြည်နယ် မြဝတီမြို့ ဆုံဆည်းမြိုင် ကျေးရွာတွင် DKBA က ဦးဆောင်ပြုလုပ်သော ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထား အမြင် နှီးနှောဖလှယ်ပွဲကို တက်ရောက်လာစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမည့် တိုင်းရင်းသားခေါင်းဆောင် များတွင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၌ အနိုင်ရထားသော တိုင်းရင်းသား ခေါင်းဆောင်များ ပါဝင်ကြောင်း ၎င်းက ရှင်းပြသည်။

"တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ၂၁ ရာစု ပင်လုံညီလာခံ ပြုလုပ်ဖို့၊ ပြီးတော့ လွှတ်တော်ပြင်ပ နိုင်ငံရေး အားကောင်းဖို့ ဘယ်လို ပူးပေါင်းလုပ်မယ် ဆိုတာ ဆွေးနွေးမယ်" ဟု ဦးစိုင်းထွန်းအိမ်က ဆိုသည်။

လွှတ်တော်ပြင်ပ နိုင်ငံရေး အားကောင်းစေရန်အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)နှင့် NLD တို့ ယခုနှစ် အတွင်း မဟာမိတ် ဖွဲ့စည်း ဆောင်ရွက်သင့်ကြောင်း ကယန်းပြည်သစ် ပါတီမှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် သိုင်းဘဟန်က အကြံပြုပြောကြားသည်။

တိုင်းရင်သား အင်အားစုများ ကန့်ကွက်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်ပြင်ပတွင် ဆွေးနွေးနိုင်ရန် NLD ပါတီနှင့် တိုင်းရင်းသားပါတီများ ပူးပေါင်းပြီး အမျိုးသားညီလာခံ တစ်ခု ခေါ်ယူ သင့်ကြောင်း ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ဝင် ရဲဘော်ရဲနိုင် က မှတ်ချက်ပေးသည်။

ပြည်နယ် တစ်ခုချင်းရှိ တိုင်းရင်းသား ပါတီများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများသည် အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေး ပြီးစီးပါက NLD ပါတီ အပါအဝင် ဒီမိုကရက်တစ် အင်အားစုများနှင့် မဟာမိတ် ဖွဲ့စည်းရေး အတွက် ကြိုးပမ်းလျက်ရှိကြောင်း ဦးစိုင်းထွန်းအိမ်က ထပ်လောင်း ပြောကြား သည်။

The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here