Tuesday, June 11, 2013

အင်းလေးဟိုတယ်ဇုန် တရားစွဲခံထားရသူများကို ဖမ်းဝရမ်းထုတ် ဖမ်းဆီး

0 comments

ဇွန်လ ၁၁ ရက်

အင်းလေးဟိုတယ်ဇုန် စီမံကိန်းကို ကန့်ကွက်မှုကြောင့် တရားစွဲခံထားရသူ ခုနစ်ဦးသည် ကလောမြို့နယ်တရားရုံး ချိန်းရက်များသို့ လာရောက်ခြင်း မရှိသည့်အတွက် ဇွန်လ ၉ ရက်နေ့ နံနက် ၂ နာရီ မှစတင်ကာ ဖမ်းဝရမ်း ထုတ်၍ ဖမ်းဆီးလျက်ရှိကြောင်း ညောင်ရွှေမြို့နယ် ရဲတပ်ဖွဲ့မှူး ကြီးမြင့်က The Voice သို့ ပြောကြားသည်။

အင်းလေးဟိုတယ်ဇုန် စီမံကိန်း အကောင်အထည်ဖော်နေမှုကို ကန့်ကွက် တားဆီး၍ တရားစွဲဆိုခံထားရသူ ခုနစ်ဦးမှာ ကလောမြို့နယ် တရားရုံးသို့ သွားရောက် ထွက်ဆိုခြင်းမရှိသဖြင့် ယင်းသို့ ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းတို့မှာ အဖမ်းမခံဘဲ ထွက်ပြေးခြင်းဖြစ်သော်လည်း ဒေသခံ ရွာသားများနှင့် ရဲတပ်ဖွဲ့ကြား ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်မည်စိုးသဖြင့် မဖမ်းဆီးခဲ့ကြောင်း၊ ထို့ကြောင့်ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီ တွင် ညောင်ရွှေရဲစခန်းသို့ ၎င်းတို့အား လာရောက်ရန် ပြောကြား ခဲ့သော်လည်း လာရောက်ခြင်း မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

"ညှိနှိုင်းတာက ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ကျွန်တော်တို့ကတော့ ဖမ်းဝရမ်း အရ ဆက်ဖမ်းမှာပဲ။ အဖမ်းမခံရင်တော့ ဝရမ်းပြေးဖြစ်မှာပဲ" ဟု ရဲတပ်ဖွဲ့မှူး ကြီးမြင့်က ပြောကြားသည်။

တရားစွဲဆိုခံထားရသူ ကိုသားကြီးက "အင်ကြင်းကုန်းကျေးရွာနှင့် ကန်ပဲ့ကျေးရွာသို့ ယင်းနေ့ နံနက် ၂ နာရီအချိန်ခန့်က ရဲတပ်ဖွဲ့အင်အား ၅၀ ကျော်ဖြင့် ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ပြီး ၎င်းအပါအဝင်လေးဦးကို ဖမ်းဆီးမိခဲ့ကြောင်း၊ သို့သော်ဒေသခံများက လွှတ်ပေးရန် တောင်းဆို ခဲ့ခြင်းကြောင့် ဖမ်းဆီးခြင်းမပြုဘဲ ၎င်းတို့ကို လွှတ်ပေးခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေနှင့် ရုံးချိန်းနှင့် ၎င်းတို့ ချိန်းဆိုသည့်နေရာများသို့ သွားရောက် မည် မဟုတ်ကြောင်း" ဆိုသည်။

"ဒီအမှုက မတရားတဲ့အပြင် ကျွန်တော်တို့တောင်းဆိုထားတာတွေကိုတော့ တစ်ခုမှ မလိုက်လျောဘူး" ဟု ၎င်းက ပြောဆိုသည်။

၎င်းတို့ကို စစ်ဆေးမည့် ကလောတရားရုံးသို့ အင်းလေးဒေသ သလဲဦး ကျေးရွာမှ မိုင် ၄၀ ကွာဝေးသည့်အတွက် သွားရောက်ရသည်မှာ ခရီးအလွန်ဝေးခြင်းကြောင့် တရားရုံးပြောင်းပေးရန် ၎င်းတို့က မေလ ၁၀ ရက်နေ့၌ တောင်းဆို ထားခဲ့သည်။

၎င်းတို့ ခုနစ်ဦးသည် အင်းလေးကန် ဟိုတယ်ဇုန် စီမံကိန်းကို တားဆီး ကန့်ကွက်ခဲ့သည်ဟုဆိုကာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းကစ၍ တရားစွဲ ခံထားရခြင်းဖြစ်ပြီး ညောင်ရွှေမြို့နယ် တရားရုံး တွင် လေးကြိမ်၊တောင်ကြီးမြို့နယ် တရားရုံးတွင် လေးကြိမ်နှင့် ကလော မြို့နယ်တရားရုံးတွင် နှစ်ကြိမ် ကြားနာစစ်ဆေးပြီးဖြစ်သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here