Monday, July 29, 2013
ရှမ်းပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲပညာရည်ချွန်ဆုများအတွက် ကျပ်သိန်း ၆၀၀ ကျော်သုံးစွဲ
Categories :
ဇူလိုင်လ(၂၉)ရက်
ရှမ်းပြည်နယ်အတွင်း ၂၀၁၂-၁၃ ပညာသင်နှစ်အတွက် တက္ကသိုလ် ၀င်စာမေးပွဲ ပညာရည်ချွန်ဆုများကို ဇူလိုင် ၂၇ ရက်က ချီးမြှင့်ခဲ့ရာ ယင်းဆုများအတွက် စုစုပေါင်း ကျပ်သိန်း ခြောက်ရာကျော် သုံးစွဲခဲ့သည်။
အဆိုပါ ဆုပေးပွဲကို ဇူလိုင် ၂၇ တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပခြင်း ဖြစ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
ချီးမြှင့်သော ဆုကြေးငွေ စုစုပေါင်းကျပ် ၆၆၂ သိန်းရှိပြီး ၃၆၁ သိန်းကျော်မှာ စေတနာရှင်များက လှူဒါန်းပေးထားခြင်းဖြစ်ပြီး ကျန်ငွေကြေးများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က အကုန်ကျခံ ချီးမြှင့်ခြင်း ဖြစ်သည်။
ဆုချီးမြှင့်ရာတွင် အောင်ချက်အကောင်းဆုံး မြို့နယ်ဆုရ ကလောမြို့နယ်ကို ဆုငွေကျပ် ငါးသိန်းနှင့် ဂုဏ်ပြု လက်မှတ်၊ အောင်ချက် အကောင်းဆုံး ပထမဆုရ ကျောင်းဖြစ်သည့် တောင်ကြီး အထက(၄) အား ဆုငွေကျပ် ငါးသိန်း ချီးမြှင့်ခဲ့သည်။
ရှမ်းပြည်နယ်အတွင်း ဂုဏ်ထူးရ ကျောင်းသားများအတွက် ချီးမြှင့်ရာတွင် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၂၇ ဦးအတွက် တစ်ဦးလျှင် ကျပ် လေးသိန်းစီ၊ ငါးဘာသာ ဂုဏ်ထူးရှင် ၅၆ ဦးအတွက် တစ်ဦးလျှင် ကျပ် နှစ်သိန်းစီ၊ လေးဘာသာဂုဏ်ထူးရှင် ၉၅ ဦးအတွက် တစ်ဦးလျှင် ကျပ် တစ် သိန်းစီ၊ သုံးဘာသာ ဂုဏ်ထူးရှင် ၁၄၈ ဦးအတွက် တစ်ဦးလျှင် ကျပ် လေးသောင်းစီ၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၂၆၁ ဦးအတွက် တစ်ဦးလျှင် ကျပ် နှစ်သောင်းစီနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၁၀၅၄ ဦးအတွက် တစ်ဦးလျှင် ကျပ် တစ်သောင်းစီ ချီးမြှင့်ခဲ့သည်။
ယင်း ဆုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်က “ နိုင်ငံတကာအဆင့်မီ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲမှု အစီအစဉ်များနဲ့ ဆောင်ရွက်နေပြီး ကျေးလက်ဒေသများအထိ ပညာရေးကဏ္ဍကို အလေးထားဆောင်ရွက်နေပါတယ်။ ကျောင်းနေရွယ်ကလေးအားလုံး ကျောင်းနေနိုင်အောင် ၀ိုင်းဝန်းပြီး ဆောာင်ရွက်ပေးကြဖို့လည်း လိုပါတယ်။ တောင်ကြီးမှာ အားကာသိပ္ပံနဲ့ ဆေးတက္ကသိုလ်တို့ကို ဒီနှစ်အတွင်းမှာ ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။
၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ရှမ်းပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း၂၇ဒသ မ ၅၈ ရာခိုင်နှုန်းရှိပြီး ယခင်နှစ် အောင်ချက်ရာခိုင်နှုန်းထက် အနည်းငယ် လျော့ကျခဲ့သည်။
Mizzima
Subscribe to:
Post Comments (Atom)