ကနေဒါ နိုင်ငံတွင် ဇူလိုင် ၁ ရက်က ကျရောက်သည့် နိုင်ငံတည်ထောင်သည့် နှစ်ပတ်လည် အထိမ်းအမှတ်နေ့၌ ဗြိတိသျှ ကိုလံဘီယာ ပြည်နယ်ရှိ ဥပဒေပြု လွှတ်တော်အား ဗုံးခွဲ တိုက်ခိုက်ရန်
ကြံစည်ခဲ့သော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ကနေဒါ ရဲတပ်ဖွဲ့က ဖမ်းဆီး၍ တရားစွဲဆိုခဲ့ကြောင်း သိရသည်။ ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် ဂျွန်စတီးဝပ် နက်တောလ်နှင့် အမန်ဒါ မာရီ ကိုရိုဒီတို့နှစ်ဦးသည် အယ်လ်ကိုင်ဒါ အဖွဲ့မှ ဗုံးခွဲ တိုက်ခိုက်ရန် အကြမ်းဖက် တိုက်ခိုက်မှုများကို အတုယူ၍ ကြိုးပမ်းခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ နှစ်ဦးအား ရဲတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခြင်း မပြုလုပ်မီ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ကနေဒါ အထူးရဲတပ်ဖွဲ့ (RCMP) မှ ဒုတိယရဲမှူး ဂျိမ်းစ်မာလီဇီအာက ဇူလိုင် ၂ ရက်တွင် ပြောကြား ခဲ့သည်။
ရဲတပ်ဖွဲ့သည် ၎င်းတို့နှစ်ဦးအား ဇူလိုင် ၁ ရက်တွင်ပင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၎င်းနေ့တွင် ပြည်သူ တစ်ထောင်ခန့်သည် ဗစ်တိုးရီးယားမြို့ရှိ ဥပဒေပြု လွှတ်တော်၌ ကျင်းပသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြ၀တီ