ဇူလိုင်လ ၄ ရက်
ဂျပန်နိုင်ငံတွင် ခရီးမိုင်များစွာ မောင်းနှင်ထားပြီး ကီလိုများသည့် မော်တော် ယာဉ်များ ပြည်တွင်း၌ ကီလို ပြန်လည်လျှော့ချ ရောင်းချခြင်းများ မပြုလုပ်ရန် အကောက်ခွန် ဦးစီးဌာနက မော်တော...်ယာဉ်ကို ဆိပ်ကမ်းအတွင်းမှ မထွက်ခွာမီ ယာဉ်ပါကီလိုကို မှတ်တမ်းတင်ခြင်း လုပ်ငန်းစဉ် မရပ်နား သင့်ကြောင်း မော်တော်ယာဉ် ဝယ်ယူသူများနှင့် မော်တော်ယာဉ် အရောင်းပြခန်းများက တညီတညွတ်တည်း ပြောကြားသည်။
ဂျပန်နိုင်ငံက တင်သွင်းလာသည့် မော်တော်ယာဉ်များကို ဆိပ်ကမ်းအတွင်းမှ မထွက်ခွာမီ မောင်းနှင်ထားသည့် ကီလိုမှတ်တမ်းတင်ကာ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနသို့ ပေးပို့ခြင်းကို ဇူလိုင်လ ၂ ရက်ကစ၍ အကောက်ခွန် ဦးစီးဌာနမှ ရပ်တန့်လိုက်သည့် အပေါ် ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
ကီလိုလျှော့ထားသည့် မော်တော်ယာဉ်များသည် ဂျပန်တွင် ဈေးသက်သာသော်လည်း လက်တွေ့အသုံးပြုရာတွင်လည်း ကီလိုနည်းသည့် မော်တော်ယာဉ်များနှင့် နှိုင်းယှဉ်ပါက အင်ဂျင်စက်သံ၊ ကား၏ကိုယ်ထည်နေရာ အချို့မှအသံထွက်ခြင်း၊ အတွင်းခန်း သပ်ရပ်မှု နည်းပါးခြင်း စသည့်အားနည်းချက် များစွာရှိကြောင်း မော်တော်ယာဉ် မကြာခဏ လဲလှယ်စီးနေသူတစ်ဦးက ဆိုသည်။
အဆိုပါ မှတ်တမ်းတင်ခြင်းကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သည်လုပ်ငန်းရှင်များ အသင်းကို အကောက်ခွန် ဦးစီးဌာနက ခေါ်ယူဆွေးနွေးရာတွင် အသင်းက မော်တော်ယာဉ်များ ဆိပ်ကမ်းမှ ထုတ်ယူရာတွင် ကြန့်ကြာခြင်း၊ ကုန်ကျစရိတ် ပိုမိုကျ သင့်ခြင်းများကြောင့် မှတ်တမ်းတင်ခြင်းအား ရပ်နားရန် လက်ခံသဖြင့် အကောက်ခွန် ဦးစီးဌာနက ရပ်နားလိုက်ခြင်း ဖြစ်သည်ဟု အဆိုပါဦးစီးဌာန၏ အကြီးတန်းအရာရှိ တစ်ဦးကဆိုသည်။
အဆိုပါ ကီလိုမှတ်တမ်းတင်ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မော်တော် ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သည် လုပ်ငန်းရှင်များအသင်း အကြီးအကဲပိုင်းတွင် သဘောထား ကွဲလွဲမှုများလည်း ရှိကြောင်း အသင်းဝင်တစ်ဦးက ပြောကြားသည်။
အဆိုပါ ကီလိုလျှော့ထားသည့် ယာဉ်များမှာ ယာဉ်ကြံ့ခိုင်မှု နည်းခြင်း၊ ပြုပြင်ထိန်းသိမ်းရမှု များပြားခြင်းကြောင့် သာမန်ဝယ်ယူသူများနှင့် အငှားယာဉ် ပြုလုပ်ရန် မော်တော်ယာဉ် ဝယ်ယူသူများ အတွက် နစ်နာမှုများ ရှိနေကြောင်း အထက်ပါအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ဝင်းက ဆိုသည်။
အဆိုပါ ခရီးမိုင်များစွာ မောင်းနှင်ထားပြီး ကီလိုများသည့် မော်တော်ယာဉ်များမှာ ဂျပန်နိုင်ငံတွင် ဝယ်ယူရာတွင် ဈေးသက်သာပြီး အခြားခရီးမိုင်များစွာ မောင်းနှင်ထားခြင်း မရှိသော ကီလိုနည်းသည့် ယာဉ်များနှင့် နှိုင်းယှဉ်ပါက ကျပ် ၂၀ သိန်းမှ ၇၀ အထိ ဈေးကွာဟမှု ရှိကြောင်းလည်း မော်တော်ယာဉ် အရောင်းပြခန်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“မှတ်လည်းဘာမှမထူးဘူး၊ ဝယ်တဲ့သူတွေက ကီလိုလျှော့ထားလား မလျှော့ထားလားဆိုတာ Chassis ကို လေလံ ဝက်ဘ်ဆိုက်မှာ ရိုက်ပြီး ရှာလို့ရတာပဲ၊ စင်ကာပူတို့၊ ဂျပန်မှာလုပ်ရင် အများကြီး ကုန်တယ်။ ဒီမှာ (ရန်ကုန်) မှာလုပ်ရင် ၁၅၀၀၀ လောက်ပဲကုန်တယ်။ လုပ်မည့်သူကတော့ ဒီမှာလုပ်မရရင် ဟိုမှာလုပ်မှာပဲ” ဟု Sakura Trade Centre ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောကြားသည်။
ဂျပန်နိုင်ငံ၌ ခရီးမိုင်များစွာ မောင်းနှင်ထားပြီး ကီလိုများသည့် မော်တော်ယာဉ်များ တင်သွင်းလာကာ ပြည်တွင်း၌ကီလိုအမှတ်အသားများကို ပြန်လည်လျှော့ချကာ ရောင်းချခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် ယင်းကဲ့သို့ မပြုလုပ်နိုင်ရန် ကနဦး ကီလိုကို မှတ်တမ်းတင်ရန် မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သည်လုပ်ငန်းရှင်များ အသင်းက မေလကုန်က တောင်းဆိုသောကြောင့် ကီလိုမှတ်တမ်းတင်ခြင်း စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
the voice