သြဂုတ်လ(၇)ရက်
ဗီယက်နမ်နိုင်ငံ ကွန်ထရိုင်ဒေသ Dotha မြို့၌ ကျင်းပပြုလုပ်မည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် လေးနိုင်ငံယဉ်ကျေးမှုဆိုင်ရာ အဆို၊အက၊အတီးပြိုင်ပွဲသို့ ရှမ်းပြည်နယ်မှ တိုင်းရင်းသားလူငယ်များအဖွဲ့ သွားရောက်ယှဉ်ပြိုင်ရန် သြဂုတ်လ ၁၀ ရက်နေ့အထိ ပြင်ဆင်လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
“ ရှမ်းပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားလူငယ်တွေ ပါဝင်ယှဉ်ပြိုင်မှာပါ၊ လီဆူး၊ ရှမ်း၊ အင်း၊ အခါ၊ “၀” ၊ ပအိုဝ့်၊ ဓနု၊ လားဟူ၊ တောင်ရိုး၊ ပလောင် လူငယ်စုစုပေါင်း (၂၈) ဦး ရှိပါတယ်၊ ဒီလ (၁၀) ရက်နေ့အထိ ပြင်ဆင်လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာပါ ” ဟု ရှမ်းပြည်နယ် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် စာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှုး၊ ဒေါ်နန်းလောဝ်ငင်းက ရှင်းပြသည်။
“ ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဓနုရိုးရာ တေးသီချင်း၊ ရှမ်းပြည်အလှကကွက်၊ အိုးစည်ဝိုင်းအက၊ လာဟူရိုးရာ တေးသီချင်း ၊ “၀” ရိုးရားတေးသီးချင်း၊ ရှမ်းရိုးရာ သိုင်းအကနဲ့ တိုးနယား အကတွေကို လေ့ကျင့်နေပါတယ်၊ ကလေးတွေရဲ့ ကြိုးစားမှုကို အားရပါတယ်၊ ပြည်ပအတွေ့အကြုံလည်းရတာပေါ့၊ ကိုယ့်ရိုးရာ အမွေအနှစ်တွေကို ချပြခွင့်ရတာ ဂုဏ်ယူစရာပဲပေါ့ ” ဟု ဆက်လက်ပြောပြခဲ့သည်။
အဆိုပါ အဖွဲ့သည် သြဂုတ် ၁၁ ရက်နေ့တွင် တောင်ကြီးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်းနှင့် ဆုတံဆိပ်များ ရရှိရန် မျှော်မှန်းထားကြောင်း ဦးစီးလိုက်ပါမည့် ဒေါ်နန်းလောဝ်ငင်း၏ ပြောပြချက်အရ သိရှိရပါသည်။
စိုင်းအောင်