Friday, August 23, 2013

စည်ပင်နယ်နိမိတ်အတွင်း ဆိုင်ကယ်စီးပါက ဖမ်းဆီးအရေးယူမည်

0 comments

သြဂုတ်လ(၂၃)ရက်
Photo: စည်ပင်နယ်နိမိတ်အတွင်း ဆိုင်ကယ်စီးပါက ဖမ်းဆီးအရေးယူမည်

23.8.2013

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် ဆိုင်ကယ်စီးနင်းသူများကို ပုဒ်မ ၈ (၁) အရ ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ပြောကြားသည်။

လိုင်စင်မဲ့ ဆိုင်ကယ်စီးနင်းသူများကို ယခင်က ဆိုင်ကယ်များကိုသာ ဖမ်းဆီးခဲ့သော်လည်း ယခုဖမ်းဆီးမှုတွင် စီးနင်းသူကိုပါ အပြစ်ပေး အရေးယူသွားမည်ဖြစ်ပြီး စတင်ဖမ်းဆီးမည့် အချိန်ကိုမူ အတိအကျ မသတ်မှတ်ရသေးကြောင်း ၎င်းကပြောကြားသည်။

ဆိုင်ကယ်စီးနင်းသူများ၏ စည်းကမ်းမဲ့ မောင်းနှင်မှုများကြောင့် ဆိုင်ကယ်တိုက် သေဆုံးရသူ များပြားလာခြင်းနှင့် ယခင်ကတည်းက ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်များအတွင်း ဆိုင်ကယ်စီးနင်းခွင့် မရှိခြင်းတို့ကြောင့် ဆိုင်ကယ်စီးသူအားလုံးကို သတိပေးနှိုးဆော်မှုများ ပြုလုပ်၍ အရေးယူ ဖမ်းဆီးခြင်း ဖြစ်ကြောင်း ရွှေပြည်သာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက ပြောကြားသည်။

“ပုဒ်မ ၈ (၁) အရ အပြင်းဆုံး ထောင်ဒဏ်သုံးနှစ်အထိ အရေးယူသွားမယ်” ဟု ၎င်းက ပြောကြားသည်။

ဆိုင်ကယ်များကို ဖမ်းဆီးရာတွင် လိုင်စင် နံပါတ်ပြားရှိသည့် ဆိုင်ကယ်များကိုလည်း ဖမ်းဆီးမည် ဖြစ်သော်လည်း စီးနင်းသူကိုမူ အပြစ်ပေး အရေးယူမည် မဟုတ်ဘဲ ၅၁ လမ်းရှိ ယာဉ်ထိန်းရဲရုံးတွင် ငွေဒဏ် ၅၁,၅၀၀ ကျပ် ပေးဆောင်၍ ဆိုင်ကယ်ပြန်လည် ထုတ်ယူနိုင်ကြောင်း ၎င်းကပြောကြားသည်။

“ဒီလိုလုပ်တာ ကောင်းတော့ မကောင်းဘူးပေါ့ဗျာ။ ဒီမှာက ဆိုင်ကယ်လေးရှိတော့ အဆင်ပြေတယ်။ မတတ်နိုင်ဘူးဗျာ။ ကျွန်တော်တို့ဆီမှာက တရားဝင်လိုင်စင်မှ မရှိတာ။ ဖမ်းတော့လည်း အဖမ်းခံ ရမှာပေါ့” ဟု ရွှေပြည်သာမြို့နယ်ရှိ ဆိုင်ကယ်စီးနင်းသူ တစ်ဦးက ပြောကြားသည်။

ဇူလိုင်လအတွင်းက စည်ပင်နယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းသူများ စာရင်းကို ကောက်ခံပြီး ယခုအခါ လိုင်စင်မဲ့ ဆိုင်ကယ်စီးနင်းသူများကို ပထမဆုံး သတိပေး နှိုးဆော်မှုများ ပြုလုပ်၍ ဖမ်းဆီး အရေးယူမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ပြောကြားသည်။

The Voice Weekly

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here