Wednesday, August 28, 2013

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်း

0 comments

28.8.2013

ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)မှ ကမကထ ပြုပြီး ကျင်းပ လာခဲ့သည့် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲကို လာမည့် စက်တင်ဘာလ (၂၃) ရက်နေ့သို့ ရွှေ့ဆိုင်း လိုက်ကြောင်း၊ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ခေါင်းဆောင် တဦး ဖြစ်သူ ကယန်း ပြည်သစ် ပါတီ တွဲဖက် အတွင်းရေးမှူး (၁) ဖြစ်သူ ဗိုလ်မှူးကြီး စောလွင်က ဆိုပါသည်။

“ မူလက ရာထား တာက ဒီလကုန်မှာ လုပ်မယ်။ ရွှေ့ဆိုင်း ရတာက ဒီလကုန်မှာ ရှမ်းပြည်နယ် လွတ်တော် အစည်းဝေးရှိနေသည့် အတွက် ရွှေ့လိုက်ရတာ ဖြစ်တယ်။ ကျင်းပမှာက တောင်ကြီးမြို့မှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ဆိုင်လို့ ရွှေ့လိုက်ရတာပေါ့” ဟုဆိုပါသည်။

ဆွေးနွေးပွဲကို စက်တင်ဘာ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့ အထိ ကျင်းပမည် ဖြစ်သည်။ ဆွေးနွေးကြမည့် အစီစဉ်များမှာ ဒီမိုကရေစီ အရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သတ်သည့် ကိစ္စများ အပေါ် ပါတီ၊အဖွဲ့အစည်းများ၏ အမြင် သဘောထားကို ဖလှယ်ကြရန် ဖြစ်ပါသည်။

ယင်းဆွေးနွေးပွဲသို့ တက်ရောက်ရန် ဆွေးနွေးပွဲ ကျင်းပရေး ကော်မီတီသည် တရားဝင် နိုင်ငံရေး ပါတီများနှင့် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များကို ဖိတ်ကြား မည်ဟု ဆိုပါသည်။

ငြိမ်းချမ်းရေး အတွက် ယုံကြည်ချက် တည်ဆောက်မည့် ဆွေးနွေးပွဲသည် ယခင်က (SNLD)မှ ရှမ်းလူမျိုး တွင်း၌သာ ဦးဆောင် ကျင်းပ လာခဲ့ရာမှ နောက်ပိုင်းတွင် ကယားပြည်နယ်မှ လူမှု အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက် လာပါသည်။ ထိုမှ တဆင့် လာမည့် ဆွေးနွေးပွဲ၌ အပစ်အခတ် ရပ်စဲ ထားသည့် တိုင်းရင်းသားအဖွဲ့များ အပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ '၀' ဒီမိုကရက်တစ် ပါတီ၊ SSPP/SSA အဖွဲ့၊ RCSS/SSA၊ ကယန်း ပြည်သစ် ပါတီ၊ ကယန်း အမျိုးသား ပါတီ၊ မွန်ဒီမိုကရေစီ ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ မွန်ပြည်သစ် ပါတီ၊ ဓနု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ ပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီနှင့် ကိုးကန့်နှစ်ပါတီ တို့အား တိုးချဲ့ ဖိတ်ကြား လာခဲ့ခြင်း ဖြစ်ပါသည်။

ထို့အပြင် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မီတီသည် တခြား မဖိတ်ကြား ရသေးသော ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ KNU နဲ့ DKBA၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် ၊ ၈၈မျိုးဆက်အဖွဲ့၊ လူမှု အခြေပြု အဖွဲ့အစည်းများ အားလည်း ထပ်မံ ဖိတ်ကြား သွားမည် ဖြစ်သည်။

ဤသို့ကြောင့် ဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်း လိုက်ရစေကာမူ အဖွဲ့ပေါင်း (၃၀) ခန့် ပါဝင် တက်ရောက်နိုင်ရန် ဖိတ်ကြား သွားကြမည်ဟု ဆိုပါသည်။ သို့သော် အဖွဲ့မည်မျှ တက်ရောက် မည်ကို မခန့်မှန်း နိုင်ကြသေးပေ။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲကို တပြည်လုံး အတိုင်းအတာ အထိ တဆင့်ပြီး တဆင့် ကျင်းပပြီး နောက်ဆုံး၌ ၀န်ကြီး အပါအ၀င်လွတ်တော် အမတ်များပါ ဖိတ်ကြား သွားရန် ရည်ရွယ်ထားပါသည်။

ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ အစီစဉ်သည် SNLD မှ စတင် ခဲ့ပြီး တဖြည်းဖြည်း တိုးချဲ့ လာခြင်း ဖြစ်ပါသည်။ ဤဆွေးနွေးပွဲအပေါ် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) မှလည်း ထောက်ခံ အားပေး သဖြင့် ပြီးခဲ့သည့် ပထမ အကြိမ် တောင်ကြီး ဆွေးနွေးပွဲကို ၀န်ကြီး ဦးအောင်မင်း ကိုယ်တိုင် တက်ရောက် ခဲ့ပါသည်။

ယင်းဆွေးနွေးပွဲကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၈) ရက်နေ့တွင် ကျင်းပ ခဲ့ပြီး ရှမ်း+ ကယား လူမှု အဖွဲ့အစည်းများ တက်ရောက် ခဲ့ပါသည်။

ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် ရည်ရွယ် ကျင်းပခြင်း ဖြစ်ပါသည်။

ရွှေဟင်္သာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here