Wednesday, August 28, 2013

သဲနုန်းစွန့်ပစ်ရန် နေရာမရှိဖြစ်နေသည့် အင်းလေးဒေသ

0 comments

28.8.2013

အင်းလေးကန်အတွင်း သဲနုန်းတူးဖော်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ပြန်လည်စွန့်ပစ်ရန်နေရာ အခက်အခဲကြုံ တွေ့ နေရသည်ဟု ညောင်ရွှေမြို့ဆည်မြောင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးအောင်က ဆိုသည်။

“တူးထားတဲ့နုန်းတွေကို ကန်ထဲကို ပြန်မကျအောင်လုပ်ရမှာဖြစ်တဲ့အတွက် နေရာလုံလုံလောက်လောက် လိုပါတယ်။ ကန်စပ်မှာတူးရင်စွန့်ပစ်ဖို့ အဆင်ပြေပေမယ့် ကန်ထဲကရွာတွေနားမှာဆိုရင်တော့ အခက်အခဲရှိတယ်” ဟု ၎င်းက ပြောသည်။ ထို့အတွက် သက်ဆိုင်ရာ ကျေးရွာများ၌သာ ညှိနှိုင်းလုပ်ဆောင်နေရကြောင်း ၎င်းကဆိုသည်။

အင်းလေးကန်နှင့် မိုင် ၂၀ ၀န်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရေရှည်တည်တံ့ရေးအတွက် ရှမ်းပြည်နယ် တောင်ပိုင်း ဆည်မြောင်းဦးစီးဌာနမှ လုပ်ငန်းတာဝန် (၅) ခုကို ဆောင်ရွက်နေပြီး သဲနုန်းတူးဖော်ခြင်းလည်းတစ်ခုအပါအ၀င် ဖြစ်သည်။ ၁၉၉၂ ခုနှစ်မှယခုအချိန်ထိ သဲနုန်းကျင်းပေါင်း ၁၉ သိန်းကျော် တူးဖော်ခဲ့ပြီးဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းဆည်မြောင်းဦးစီးဌာန၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

အင်းလေးကန်အတွင်း ရေတိမ်လာခြင်းနှင့်အတူ သဲနုန်းများ ပို့ချမှုများလာ သည့်အတွက်ကြောင့် လှေဖြင့် သွားလာ ရန်ပင် ခက်ခဲခဲ့သည်ဟု ဒေသခံများ က ပြောသည်။

“တူးဖော်ထားတဲ့ သဲနုန်းတွေကို စနစ်တကျ မစွန့်ပစ်နိုင်ဘူး ဆိုရင်တော့ ကန်ထဲကို ပြန်ကျလာမှာပဲ။ အဲဒါဆိုရင် ဘာမှ ထူးမှာမဟုတ်ဘူး”ဟု အင်းလေးဒေသခံတစ်ဦးက ပြောသည်။ ထို့အတွက် သင့်လျော်ရာနေရာကို ရှာဖွေ၍ စနစ်တကျ စွန့်ပစ်ရန်လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။

ထို့နောက် ဆည်မြောင်းဦးစီးဌာနမှ စက်ယန္တရားများဖြင့် ချောင်းများကို ပြန်လည်တူးဖော်ပေးခဲ့ရသည်။

“အင်းလေးကန်ထဲမှာ သဲနုန်းတွေ များလာတာဟာ ကန်ထဲကို စီးဝင်တဲ့ချောင်းရေမှာ နုန်းတွေပိုပါလာတာကြောင့် ဖြစ်တယ်။ ချောင်းတွေရဲ့ရေဝေရေလဲဧရိယာက သဘာဝပတ်ဝန်းကျင်ပျက်စီးနေလို့ ရေတွေမှာ နုန်းတွေပိုပါလာတယ်” ဟု ဦးစိုးအောင်က ပြောသည်။

အင်းလေးကန်ရေရှည်တည်တံ့ရေးအတွက် ဆည်မြောင်းဦးစီးဌာနမှနုန်းထိန်း တမံနှင့် နုန်းဖမ်းဆည်များ တည် ဆောက်ခြင်း၊ ကျွန်းမျောနှင့်ရေမှော်များ ရှင်းလင်းခြင်း၊ ကျွန်းမျောရိုင်းများဖျက်ဆီးခြင်းကိုလည်း လုပ်ဆောင်နေ သည်ဟု သိရသည်။

“အင်းလေးကန်အတွက် ဆည်မြောင်းတစ်ခုတည်းနဲ့ လုပ်လို့မရပါဘူး။ တခြားဌာနတွေလည်း ပါဝင်လုပ် ဆောင်နေတယ်။ ပြီးတော့ ဒေသခံတွေကိုယ်တိုင်က အသိရှိရှိနဲ့ ပူးပေါင်းပါဝင်ဖို့လိုပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ သဘာဝခရီးသွားဒေသတစ်ခုဖြစ်သောအင်းလေးကန်၏ မူလအကျယ်အ၀န်းမှာ စတုရန်းမိုင်ပေါင်း ၁၀၀ ကျော်ရှိခဲ့ပြီး ပြန်လည်တိုင်းတာချက်များအရ ယခုအချိန်တွင် စတုရန်းမိုင် ၆၀ ကျော်သာရှိတော့သည်ဟု ရှမ်းပြည်နယ် တောင်ပိုင်း ဆည်မြောင်းဦးစီးဌာန၏အစီရင်ခံစာ၌ ဖော်ပြထားသည်။


မြစ်မခ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here