Friday, August 16, 2013

လိုင်ဇာလမ်းလျှောက်အဖွဲ့ကို နှစ်နာရီသာ လျှောက်ခွင့်ပြုပြီး ကျန်အချိန်ကို ယာဉ်နှင့်သွားခွင့်ပြု

0 comments

သြဂုတ်လ(၁၆)ရက်
Photo: လိုင်ဇာလမ်းလျှောက်အဖွဲ့ကို နှစ်နာရီသာ လျှောက်ခွင့်ပြုပြီး ကျန်အချိန်ကို ယာဉ်နှင့်သွားခွင့်ပြု

15.8.2013

ကချင်ပြည်နယ် လိုင်ဇာမြို့သို့ လမ်းလျှောက်မည့် တောင်သူများကို တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးက သြဂုတ်လ ၁၂ ရက်နေ့တွင် တောင်ငူမြို့နယ်တွင်း ၂ နာရီသာ လမ်းလျှောက်ခွင့်ပြုပြီး ကျန်အချိန်များတွင် ယာဉ်နှင့်သာ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း လက်မှတ်ထိုးပြီး ခွင့်ပြုချက်ပေးခဲ့ကြောင်း လမ်းလျှောက်အဖွဲ့ ခေါင်းဆောင် ဦးခင်ဇော်က The Voice သို့ ပြောကြား သည်။

တောင်ငူခရိုင်အတွင်း တပ်ရင်းတပ်ဖွဲ့များနှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းအချို့က အကြောင်းအမျိုးမျိုးဖြင့် သိမ်းယူခဲ့သော လယ်ယာမြေများ ပြန်လည်ရရှိရေးနှင့် တောင်သူများကို တရားစွဲဆိုမှုများ ပြန်လည် ရုပ်သိမ်းပေးရန်အတွက် လိုင်ဇာသို့ လမ်းလျှောက်ရန် မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်းများကို တရားဝင် တင်ပြပြီး ဖြစ်သော်လည်း သြဂုတ်လ ၇ ရက်နေ့တွင် လမ်းလျှောက်ခွင့် ချီတက်ခွင့် ပယ်ချခံရပြီး ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို ခွင့်ပြုချက် ထပ်မံတင်ပြရာတွင် ငြင်းပယ်ခဲ့ရာမှ ၂ နာရီသာ ခွင့်ပြုကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“လမ်းလျှောက် ချီတက်ခွင့်၊ စုဝေးခွင့်ဆိုင်ရာ ဥပဒေ နည်းဥပဒေများအရ တရားဝင် လျှောက်ထားလို့ သြဂုတ်လ ၁၂ ရက်နေ့က တစ်နာရီ စုဝေးခွင့်နဲ့ နှစ်နာရီ လမ်းလျှောက်ခွင့် ပေးခဲ့ပါတယ်” ဟု တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဦးဇော်မင်းက ရှင်းပြသည်။

တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်မှ လယ်သိမ်းခံတောင်သူ ၁၄ ဦး၊ သံဃာတစ်ပါး အပါအဝင် လယ်ယာမြေ အကျိုးတော်ဆောင်တစ်ဦး စုစုပေါင်း ၁၆ ဦးသည် သိမ်းဆည်းခံ လယ်ယာမြေများ ပြန် လည် ရရှိရန်၊ တရားစွဲဆို ခံထားရသူ တောင်သူများကို တရားစွဲဆိုခြင်းမှ ပြန်လည် ရုပ်သိမ်းရန် တောင်းဆိုသည့်အနေနှင့် တောင်ငူမြို့မှ ၆၆၅ မိုင်ကွာဝေးသော ကချင်ပြည်နယ် လိုင်ဇာမြို့သို့ သြဂုတ်လ ၁၄ ရက် နံနက် ၈ နာရီခွဲတွင် တောင်ငူမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်း မင်းကြီးညို ရုပ်တု ရင်ပြင်ရှေ့မှ စတင်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

တောင်ငူခရိုင်အတွင်း တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များက သိမ်းဆည်းထားသော လယ်ယာမြေဧက ၁၀၀၀ ကျော်ရှိပြီး ယခုနှစ် ဇွန်လတွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သည့် ဒေသခံတောင်သူ အယောက် ၆၀ ကျော်ကို နယ်မြေကျော်နင်းမှု အပါအဝင် ဝတ္တရား နှောင့်ယှက်မှုတို့ဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တရားစွဲဆိုခံထားရကြောင်း တောင်ငူမြို့နယ် မြောက်ရေကြည် ကျေးရွာအုပ်စု သဲဖြူကျေးရွာမှ လယ်သိမ်းခံ တောင်သူ ဦးပွေးက ပြောကြားသည်။

အဆိုပါ လမ်းလျှောက်အဖွဲ့သည် ကချင်ပြည်နယ် လိုင်ဇာမှ ပြန်လည် ရောက်ရှိလာပါက တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့မှ သိမ်းဆည်းခံ လယ်ယာမြေများပိုင်ရှင် တောင်သူများနှင့် ချိတ်ဆက်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ လမ်းလျှောက် ချီတက်မည် ဖြစ်ကြောင်း တောင်သူအကျိုးဆောင် ဦးခင်ဇော်က ရှင်းပြသည်။

ယခုနှစ် ဇန်နဝါရီလ တတိယအပတ်တွင် ရန်ကုန်နှင့် မုံရွာမြို့တို့မှ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ အဖွဲ့နှစ်ဖွဲ့သည် ရန်ကုန်နှင့် မုံရွာမြို့များမှ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိနိုင်ရန် ဆန္ဒဖော်ထုတ် လမ်းလျှောက်ခဲ့ကြသည်။

The Voice Weekly

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here