သြဂုတ်လ(၇)ရက်
မိုးကောင်းမြို့အား ဧရာဝတီမြစ်အတွင်းသို့စီးဝင်သည့် နန့်ကောင်းချောင်းနှင့် နန့်ရင်းချောင်းတို့ပေါင်းစုံရာဒေသတွင် တည်ထားခဲ့ပြီး ရှမ်းအမျိုးအနွယ်များနေထိုင်ရာမြို့ဖြစ်ခဲ့ပါသည်။
ရှမ်းစော်ဘွားများအဆက်ဆက် အုပ်ချုပ်ခဲ့ပြီး စတုတ္ထအကြိမ် ပြောင်းရွှေ့တည်ထားခဲ့သောမြို့ဖြစ်ပါသည်။ မိုးကောင်းမြို့ကိုရှေးယခင်က မိန်းကောင်းဟုခေါ်ပြီး ရှမ်းဘာသာစကားဖြစ်၍ အိုးစည်ဟု အဓိပ္ပါယ်ရပါသည်။ ကာလကြာသောအခါ မိန်းကောင်းမှ မိုးကောင်းဟု ခေါ်တွင် လာခြင်းဖြစ်သည်။ မိုးကောင်းမြို့ကို ၄ ကြိမ် ၄ နေရာပြောင်း၍ တည်ရှိခဲ့ကြောင်းမှတ်တမ်းအရသိရှိရပါသည်။
ပထမမိုးကောင်းမြို့အား သာသနာသက္ကရာဇ် ၁၁၂ ခုနှစ်တွင် စော်ဘွားကြီးစောက်ဆန်လုံမှ နန့်ကောင်းချောင်းဖျား မိုင်းခွန်အရပ်ရှိအလိုအလျောက် အိုးစည်မြည်သောနေရာ၌ စတင်တည်ထောင်ခဲ့သည်။ မြို့သက်တမ်းမှာ ၅၁၂ နှစ် ကြာခဲ့ပြီး “မိန်း” ဟူသည် မြို့ဟု ခေါ်ကာ “ ကောင်း ” ဟူသည် “အိုးစည်” ခေါ်သဖြင့် မြန်မာလို “အိုးစည်မြို့” ဟုခေါ်တွင်ပြီးကာလ ရှည်လျားလာခဲ့သောအခါတွင်မိန်းကောင်းမှမိုးကောင်းဟူ၍အက္ခရာပြောင်းလွဲပြီး ခေါ်တွင် ပြောဆိုနေကြသည်။
ဒုတိယမိုးကောင်းမြို့အား သာသနာသက္ကရာဇ် ၉၃၅ နှစ် သရေခေတ္တရာသက္ကရာဇ် ၁၂၀ ခုနှစ်၌ ရှေးအခေါ် “ပူးကမ်း” ယခုအခေါ် “ကာမိုင်းမြို့” အနီး အင်းတော်ကြီးမှ စီးဆင်းလာသောချောင်းနှင့် မိုင်းခွန်းဟူးကောင်းတောင် ကြားမှ စီးဆင်းလာသော နန့်ကောင်းချောင်းကြီးနှစ်ခုဆုံရာအရပ်တွင် “ကောင်းဟုန်” ဟူသောအမည်ဖြင့် စော်ဘွားကြီး သိုဝ်ဟိုင်းဘွားမှတည်ထားခဲ့သည်။ မြို့သက်တမ်းမှာ ၃၂၁ နှစ်ကြာခဲ့ပြီး “ကောင်း”ဟူသည် “အိုးစည်” ဖြစ်ပြီး “ဟုန်” ဟူသည်မှာ “လွတ်ကျသည်” အိုးစည်လွတ်ကျရာအရပ်ဟု ခေါ်သည်။
တတိယမိုးကောင်းမြို့အား ပုဂံသက္ကရာဇ် ၁၂၇ နှစ်၊ သာသနာသက္ကရာဇ် ၁၃၁၃ ခုနှစ်တွင် (၈)မိုင်လမ်းဆုံအနီး မြို့ဟောင်းကျေးရွာနေရာတွင် စော်ဘွားကြီး သိုဝ်ဟိုင်းဘွားမှ ပြောင်းလဲတည်ထောင်ခဲ့ပြီး မြို့သက်တမ်း ၁၀၁၃ နှစ် ကြာခဲ့ကာ နောက်ဆုံးစော်ဘွားမောင်ခိုင်အထိ စော်ဘွား ၂၉ ယောက်အုပ်ချုပ်ခဲ့ပါသည်။
စတုတ္ထမိုးကောင်းအား ကောဇာသက္ကရာဇ် ၁၁၅၃ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် အင်္ဂါနေ့တွင် စော်ဘွားကြီး ခွန်ကောင်းဆိုင်မှ မြို့ပန္နက်အား အရှေ့ဘက် နောင်ခန်းအင်း၊ အနောက်ဘက် နန့်ရင်းချောင်း၊ မြင်မိုရ်တောင်တာ အားဖြင့် ၂၀၀၀၀ တာ ၆တောင်၊ တောင်ဘက်လယ်ကွင်း၊ မြောက်ဘက် နန့်ကောင်းချောင်း၊ မြင်းမိုရ်တောင်တာ အားဖြင့် ၁၀၀၀ တာနှင့် ၆ တောင်သတ်မှတ်ခဲ့ပါသည်။ မြို့သက်တမ်းအားဖြင့် မြန်မာမင်း ကုန်းဘောင်မင်းဆက် ၁၁ ဆက်မြောက် သီပေါမင်းအထိ ၉၄ နှစ်ကြာခဲ့ကာ သီပေါမင်းပါတော်မူပြီးနောက် သက္ကရာဇ် ၁၂၄၇ ခုနှစ်မှ ၁၃၇၂ ခုနှစ်အထိ နှစ်ပေါင်း ၂၂၀ ကြာမြင့်ခဲ့၍ မြို့တည်နှစ်ကို သိနိုင်ရန် “ အိမ်အောက်မြစိမ်း မိုးကောင်းကိန်း ” ဟု ဖွဲ့ဆို ခဲ့ပါသည်။
မိုးကောင်းမြို့အား စော်ဘွား ၂၉ ဦး၊ မြို့ဝန် ၉၉ ဆက်၊ အမတ်ချုပ် ၃ ဆက် အုပ်ချုပ်ခဲ့ကာ ၀န်းသိုစော်ဘွားဟောင်း မဟာရာဇသိုဟုံဘွား ဦးရွှေသာသည် ၁၂၄၆ ခုနှစ်တွင် မိုးကောင်းမြို့ဝန်ဖြစ်လာပါသည်။
သီပေါမင်းနန်းကျပြီးနောက် ၁၂၄၇ ခုနှစ်တွင် အမတ်ချုပ်ကြီး ဦးကုလားက ဆက်လက်အုပ်ချုပ်ခဲ့ပြီး ၁၂၄၈ ခုနှစ်တွင် ဦးကုလား၏သား ဦးဘိုးစောကနောက်ဆုံးမြို့ဝန်အဖြစ်အုပ်ချုပ်ခဲ့၍ အင်္ဂလိပ်တို့အုပ်ချုပ်သောအခါတွင် အရေးပိုင်၊ နယ်ပိုင်၊ မြို့ပိုင်၊ ခရိုင်အုပ်စသည်ဖြင့် အုပ်ချုပ်လာကာ လွတ်လပ်ရေးရပြီးနောက် မိုးကောင်းမြို့သည် မြို့နယ်တစ်ခုဖြစ်လာခဲ့ပါသည်။
ပေးပို့သူ-မိုးကောင်းမြို့မှရှမ်းတစ်ဦး
မိုးကောင်းမြို့ ကျက်သရေဆောင် နှီးဘုရားကြီး(ဓာတ်ပုံ-ပန်းကမ္ဘာ)