သြဂုတ်လ(၂၃)ရက်
ကျွန်တော်က တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နေထိုင်ပါတယ်။ အိမ်မှာ ကိုယ်ပိုင် အင်တာနက်သုံးတဲ့ အတွက် ကျွန်တော်တို့ ရှမ်းပြည်နယ်နဲ့ ပတ်သက်တဲ့ သတင်းမှန်သမျှ အကုန်ဖတ်ပါတယ်။ အင်တာနက်ပေါ်မှာ ရှမ်းပြည်နယ်နဲ့ ပတ်သက်ပြီး Facebook ၊ Website တွေကို အမြဲမပြတ် စောင့်ကြည့်ပြီး ကြိုက်ရင် Share, Like လုပ်ပြီး Comment လည်း ရေးပါတယ်။
ဒီစာကို ရေးသင့်မရေးသင့် စဉ်းစားခဲ့တာ ၂ ပတ်ကျော်ခဲ့ပါပြီ။ RCSS/SSA နဲ့ SSPP/SSA အဖွဲ့တွေဆိုတာ ကျွန်တော် တို့ ရှမ်းတိုင်းရင်းသားတွေ ပါလားဆိုတဲ့ အသိစိတ်က ၀င်နေပါတယ်၊ မကောင်းတာတွေ လုပ်တာကို အများသိအောင် ရေးပြလိုက်ရင် ကိုယ့်တိုင်းရင်းသား အချင်းချင်းအပေါ် သစ္စာဖောက်သလို ဖြစ်မှာကိုလည်း စိုးရိမ်မိတယ်။ ဇူလိုင်လကုန်တုန်းက မိုင်းရှူးက အမျိုးတွေ ကျွန်တော်တို့အိမ် အလည်လာကြတယ်၊ သူတို့က ရွှေဆိုင်ဖွင့်ထားတော့ ရွာက လူတွေ ရွှေလာပေါင်တဲ့အကြောင်း ပြောပြတယ်။ အဲဒီလို ရွှေလာပေါင်တဲ့အထဲမှာ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့ကို ဆက်ကြေးပေးဖို့အတွက် လာပေါင်တဲ့သူက များတယ်လို့ ကြားလိုက် ရတော့ ကျွန်တော့်စိတ်ထဲမှာ တစ်မျိုးကြီး ခံစားလိုက်ရတယ်။
အင်တာနက်ပေါ်မှာ သူတို့နဲ့ ပတ်သက်ပြီး ဆက်ကြေးကောက်တာတွေ၊ လူသစ်စုတာတွေ ဖတ်ရတုန်းက မဟုတ်တာတွေ ရေးထားတယ်ဆိုပြီး ကျွန်တော် ဆဲခဲ့မိသေးတယ်၊ အခု အမျိုးတွေပြောတော့မှ မယုံချင်လို့ မဖြစ်တဲ့အနေအထားရောက်သွားပါတယ်။ ဒါ့ကြောင့် အင်တာနက်ပေါ်မှာ တွေ့တဲ့ သတင်းတွေကိုဖတ်ပြီး လက်ရှိ သူငယ်ချင်းတွေ အကူအညီနဲ့ မှန်မမှန်စုံစမ်းခဲ့ကြပါတယ်။ အဲဒီလို လုပ်ပြီးတော့မှ ရှမ်းပြည်နယ်အတွက် RCSS/SSA နဲ့ SSPP/SSA အဖွဲ့တွေဟာ ကောင်းကျိုးပြုနေတာလား၊ ဆိုးကျိုးပေးနေတာလားဆိုတာ အမှန်ကို သိစေချင်လို့ ညီနောင်ရှမ်းတိုင်းရင်းသားအားလုံးကို မျှဝေပေးလိုက်ခြင်း ဖြစ်ပါတယ်။
မိုင်းရှူးမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာ(၁၂)ရွာကို တစ်ရွာကို ငွေ(၅)သောင်း ပေးရမယ်ဆိုပြီး SSPP/SSA အဖွဲ့က ဇူလိုင်လ(၂၄)ရက်နေ့မှာ တောင်းသွားတဲ့သတင်း ဖြစ်ပါတယ်။ ရွာ(၁၂)ရွာကို ၅ သောင်းစီ ဆိုတော့ ၆ သိန်း ရသွားတယ်လို့ သိရတဲ့ သတင်းကလည်း အမှန်အကန်ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဇူလိုင်လ ၂၉ ရက်နေ့မှာလည်း မိုင်းရှူးမြို့နယ် ၀မ်ဆော့ရွာ အပါအ၀င် (၁၈)ရွာဆီက သီးနှံ(၁)စောရောင်းရင် ၂၀၀၀၊ ကျွဲ (၁) ကောင် ရောင်းရင် ၁၀၀၀၊ နွား(၁)ကောင် ရောင်းရင် ၅၀၀၀ ပေးရမယ်ဆိုပြီး SSPP/SSA အဖွဲ့က တောင်းထားတဲ့ သတင်းဟာလည်း အမှန်ဖြစ်နေပါတယ်။
RCSS/SSA အဖွဲ့ရဲ့ မိုင်းယောင်းမြို့နယ်ထဲမှာ ကောက်ခံတဲ့ ဆက်ကြေးက ပိုပြီး ဆိုးနေပါတယ်။ ဇူလိုင် ၄ ရက် နေ့တုန်းက မိုင်းယောင်းမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာအုပ်စုတွေကို ရွာကြီး(၁)ရွာလျှင် (၁၅)သိန်း၊ ရွာသေး(၁) ရွာ လျှင်(၉)သိန်း တောင်းခဲ့တယ်။ အဲဒီ မိုင်းယောင်းမြို့နယ်ထဲက ရွာသား(၅၉)ယောက်ကို ဖမ်းသွားတဲ့ သတင်းကတော့ တစ်နိုင်ငံလုံးသိပြီးသား ဖြစ်ပါလိမ့်မယ်။
အခြားမြို့နယ်တွေထဲမှာ ဆက်ကြေးတောင်းတာ၊ လူသစ်စုတာတွေကိုတော့ ထပ်ပြီး မဖော်ပြတော့ပါဘူး။ ကျွန်တော် အခုလို ရေးပြတာကို အချို့ရှမ်းတိုင်းရင်းသားတွေက ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ ကျွန်တော့် အနေနဲ့ ကိုယ့်တိုင်းရင်းသားတွေဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA အဖွဲ့ကို ထိခိုက်နစ်နာပါစေတော့ဆိုတဲ့ စိတ်ထားမျိုး မရှိသလို ပုဂ္ဂိုလ်ရေးခံစားချက်လည်း မရှိပါဘူး။
ဒါပေမယ့် ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ခေတ်ဟောင်းက အသိစိတ်တွေကို ခုလို ဒီမိုကရေစီခေတ်ကြီးမှာ ပြောင်းလဲသင့်ပြီထင်လို့ စေတနာနဲ့ ရေးရခြင်းဖြစ်ပါတယ်။ အဲဒီလို ဆက်ကြေးကောက်တယ်၊ လူသစ်စုတယ် ဆိုတာ ခုခေတ်မှာ မရှိသင့်တော့ပါဘူး။ RCSS/SSA နဲ့ SSPP/SSA က ဆက်ပြီး လုပ်နေရင်တောင် ဒေသခံ ရှမ်းတွေက လက်မခံပေးသင့်တော့ဘူးလို့ မြင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူတို့ ၂ ဖွဲ့လုံးဟာ နိုင်ငံတော်အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးထားပြီးသားအဖွဲ့တွေ ဖြစ်ပါတယ်။ ကျွန်တော့် အမြင်ပြောရရင် ဒေသခံရှမ်းတိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို သူတို့ လုပ်ပေးရတော့မှာလေ၊ အခုတော့ သူတို့ကြောင့် ကျွန်တော်တို့ ဒေသခံရှမ်းတိုင်းရင်းသားတွေရဲ့ အကျိုးစီးပွား ဘာကောင်းကျိုးမှ မခံစားရပါဘူး။
ကျွန်တော်က တက္ကသိုလ်ကျောင်းသားဖြစ်တဲ့အတွက် လူငယ်အမြင်အတိုင်း ရေးသားခြင်းဖြစ်ပါတယ်။ ဒီစာကိုရေးတဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ နေထိုင်ကြတဲ့ ရှမ်းတိုင်းရင်းသား အားလုံး အခွင့်အရေးကို တန်းတူညီမျှ ရစေချင်တဲ့ ဆန္ဒတစ်ခုတည်းအတွက်ပါဗျာ…..။
စိုင်းနန္ဒာကျော် (တောင်ကြီး တက္ကသိုလ်)