သြဂုတ်လ(၂၄)
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို ရင်ဆိုင်နေရသည့် အာရှအမွေအနှစ် စာရင်းဝင် အင်းလေးကန်ကြီးအတွင်း စပါးနှင့် သီးနှံစိုက်ခင်းများကို ဖျက်ဆီးစားသောက်နေသော ခရုနီများကို နှိမ်နင်းခြင်း လုပ်ငန်းများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း အင်းလေးဒေသခံများက ပြောကြားသည်။
အဆိုပါ ခရုနီများသည် တောင်သူများ၏ စပါးစိုက်ခင်းများနှင့် သီးနှံစိုက်ခင်းများအတွင်း ဝင်ရောက်ဖျက်ဆီး စားသောက်မှုများ ယခုလပိုင်းအတွင်း ပိုမိုများပြားလာခြင်းကြောင့် ထောင်ချောက်ဆင်၍ ဖမ်းဆီးမှုများ ပြုလုပ်နေရကြောင်း စိုက်ပျိုးရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ရွာသာကျေးရွာ၊ တီးတောကျေးရွာ၊ တောင်ပူကြီးကျေးရွာ၊ သလဲဦးကျေးရွာနှင့် အင်းတိမ်ရွာကြီးတို့ရှိ စပါးစိုက်ခင်းများတွင် ခရုနီများ အများဆုံး ဝင်ရောက်စားသောက် ဖျက်ဆီးပြီး ခရမ်းချဉ်သီး အပင်များတွင်လည်း တွယ်ကပ် စားသောက်တတ်ကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးစံထွန်းက ရှင်းပြ သည်။
ရေနည်းခြင်း၊ များခြင်းမရှိသည့် လယ်ယာမြေများတွင် အများဆုံး ခိုအောင်းတတ်သည့် ခရုနီများကို နှိမ်နင်းရာ၌ ကောက်ယူ၍ မီးရှို့ခြင်း၊ သတ်ပစ်ခြင်းတို့ ပြုလုပ်ကြောင်း ၎င်းကဆိုသည်။
ကန်ရေစပ်တွင် ရေမှော်များကို စားသုံးနေရာမှ မိုးရာသီကာလ အတွင်း ရေစီးလမ်းကြောင်းဖြင့် မျောပါကာ ဒေသခံများ၏ စိုက်ခင်းဧရိယာများ အတွင်းထိ ဝင်ရောက်စားသုံးလာခြင်း ဖြစ်ကြောင်း၊ ယင်းကြောင့် ခရုထိန်းချုပ်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း အင်းလေးကန် ရေသန့် ရရှိရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါခရုနီများ ယခုနှစ်အတွင်း များပြားလာရခြင်းမှာ ကန်အတွင်း ဗေဒါများ ပေါက်ဖွားလာမှုနှုန်း မြင့်မားလာခြင်းကို နှိမ်နင်းရန် အတွက် ခရုများကို ထည့်သွင်းကာ ဗေဒါထိန်းချုပ်သည့် စနစ်ကြောင့်လည်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။
အင်းလေးကန် ရေဝေရေလဲ နယ်မြေများနှင့် ကန်အတွင်းရှိ ကျေးရွာများတွင် သစ်တောများ ပြန်လည်ထူထောင်ခြင်း၊ ကျွန်းမျောစိုက်ခင်း ဖြစ်ထွန်းနေမှု အကျယ်အဝန်း ဧရိယာကို ကန့်သတ်ရန် ကြိုးပမ်းခြင်း၊ သဘာဝအလျောက် အော်ဂဲနစ် စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ခြင်း၊ ရေမှော် ထိန်းချုပ်ခြင်းနှင့် ခရုတိုးပွားမှု ထိန်းချုပ်ခြင်းစသည့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP က ဦးဆောင်၍ ဒေသခံ လူမှုအဖွဲ့အစည်း ရှစ်ဖွဲ့က လုပ်ဆောင်လျက်ရှိသည်။
The Voice