သြဂုတ်လ(၈)ရက်

ကိုယ့်ကြောင့်ဖြစ်ရသည်လားဆိုသည့်အတွေးကြောင့် သူ့ကိုကျွန်တော်မျက်နှာချင်း မဆိုင်ရဲသလို ဖြစ်ရသည်အထိ မျက်နှာ ပူနေရသော်လည်း သူကတော့ ဘာမှမသိသလို ပုံမှန်ပင်ခေါ်ပြောနှုတ်ဆက်နေသဖြင့် သူနဲ့တွေ့တိုင်း နေရတာတော့ ခပ် ခက်ခက်ပင်........။
ကျွန်တော့်ထက်သုံးနှစ်လောက်ငယ်သည့် သူက ဒီမြို့သေးသေးလေးရဲ့ပထမဦးဆုံး သုံးဘီးဆိုင်ကယ်တက္ကစီ မောင်းနှင်သူ တစ်ဦးဖြစ်သလို ကျွန်တော့်သူငယ်ချင်း ညီမလေး၏ အမျိုးသားလည်း ဖြစ်နေသေးတော့ ခင်မင်မှုသက်တမ်းမှာလည်း အတော်ပင်ကြာမြင့်နေသည့် မိတ်ဆွေတစ်ဦးလို ဖြစ်နေပြီ။
ကျောက်မဲမြို့၏ အနားသတ် တစ်ဖက်ဖြစ်သည့် မန္တလေး-လားရှိုး အဝေးပြေးလမ်းမကြီးနံဘေးရှိ အဝေးပြေးကားများ ရပ်နားသည့်နေရာတစ်ခုရှိ ကျိတ်ပုန်းဖဲဝိုင်းတစ်ခုတွင် ဆိုင်ကယ်ကယ်ရီသမားအချို့ အရင်းပြုတ်သည်အထိ လောင်း ကစားမှုများဖြစ်နေသည့်သတင်းကို မကြာသေးခင်က ကျွန်တော်ရေးလိုက်သည်။
သတင်း၏ အကျိုးဆက်ရလဒ်က သုံးဘီးသမားအချို့ နေ့လယ်နေ့ခင်း အပျင်းပြေဆော့ကစားနေသည့် ဖဲဝိုင်းလေး အဖမ်းခံလိုက်ရသည်။ အဖမ်းခံရသူတွေထဲမှာ ကျွန်တော့်မိတ်ဆွေ(သူ)လည်း ပါသည်။ မကြာပါ အပြင်ပြန်ရောက် အရင်လိုပဲ သုံးဘီးပြန် မောင်းသည်။ (ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ့်အတွေးနှင့်ကိုယ် သူ့ကို မျက်နှာပူနေမိသည်)
“အချုပ်ခန်းမှာ ထိန်းသိမ်းခံထားရတဲ့ အချိန်တုန်းက အစ်ကိုရေးတဲ့သတင်းကို ကျွန်တော်တို့ကိုပြတယ်၊ ဒါပေမယ့် ကျွန်တော် စဉ်းစားမိတာတစ်ခုက တစ်ခြားနေရာတွေက ကြေးကြီးတဲ့ ကစားဝိုင်းတွေကိုမဖမ်းပဲ ကျွန်တော်တို့ကိုဖမ်းယုံနဲ့ လောင်းကစား ၀ိုင်းတွေ ဖမ်းဆီးပြီးပြီဆိုပြီး ပြီးသွားမှာလား” တဲ့.....။ သူပြောတာ ခဏဖယ်ပြီး ကျွန်တော်လည်း စဉ်းစားကြည့်သည်။
ကျွန်တော် တွေ့တာ၊ သိတာက မူဆယ်-ကျောက်မဲ (မူဆယ်-မန်းလေး) ဆိုင်ကယ် ကယ်ရီမောင်းသည့် ကယ်ရီ သမားတွေရှိသော ဖဲဝိုင်း၊ ရပ်ကွက်တွေထဲက ညမအိပ်သော ဖဲဝိုင်း၊ လက်ဖက်ရည်ဆိုင်နောက်ကွယ်က (သုံးည ဆက်တိုက်)ဖဲဝိုင်း၊ (ဖဲဝိုင်းထက် ကြေးမြင့်သော လောင်းကစားငွေတွေ ပလူပျံနေသည့်) အစိုးရအရာရှိ တစ်ချို့ပင် ပါဝင်သော ကြက်ဝိုင်း ( တိုက်ကြက်ချင်း လောင်းကြေးဖြင့် တိုက်ခိုင်းသည့် လောင်းကစားဝိုင်း)…။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေသာ လုပ်ကြသည့် (လောင်းကစားထက် ကြေးမြင့်သော) အပျော်တမ်း ဘိလိယက်ဝိုင်း...။
သေချာစဉ်းစားကြည့်လျှင် ကျွန်တော် နားမလည်သော ဒီမိုကရေစီခေတ်သို့ ဟိုမရောက် သည်မရောက် ကူးပြောင်းချိန်မှစ၍ ကျွန်တော်တို့နိုင်ငံ၌ပင် လောင်းကစားဝိုင်းများ ပေါများလာသည့်အချက်များမှာ ဆန္ဒပြပွဲတွေ၊ အဓိကရုဏ်းတွေ၊ မူးယစ်ဆေးဝါး ဖမ်းဆီးမိသည့် သတင်းတွေ၊ အရင်က ထက်ပိုမိုပေါများလာသော အဓမ္မမှုတွေ (အရွယ်မရောက်သေး သူကို အဓမ္မပြုကျင့် သော အမှုတွေ) အပြင် သူ့တာဝန်သူထမ်းဆောင်သော တာဝန်သိ ယာဉ်ထိန်းရဲပါ မကျန်ပါးရိုက်ခံရသော အမှုများပင် .....။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဟုတ်သော်လည်းကျွန်တော်တို့ ရှမ်း/မြောက် ကျောက်မဲမြို့သည်ပင် ယခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု၊ ခိုးမှုနှင့်ယာဉ်တိုက်မှုတွေ သိသိသာသာ တိုးပွားလာသည်။
လူသိသာသောအမှုများ၏ နောက်ကွယ်တွင် တိတ်တဆိတ်ကြီးထွားလာခြင်းကတော့ သေးသေးမွှားမွှားမှစ၍ င်္ကြီးကြီး မားမားအထိဖြစ်လာသော လောင်းကစားမှုများပင်....။
ကလေးကစားကွင်းဟု ဆိုသော်လည်း လူလတ်ပိုင်းများသာ ငါးမန်းဂိမ်း ဟုခေါ်သည့် စက်ခလုတ်ထိန်းချုပ် လောင်းကစား နည်းတစ်မျိုးတွင် သောင်းနှင့် သိန်းနှင့်ချီကာ ရှုံးကြသည့် ကစားကွင်းလည်း ဖွင့်ခွင့်ရသည်။
တော်တန်ရုံအလုပ်ကြမ်းသမားတစ်ယောက်၏ တစ်ပတ်စာနေ့တွက်ခလောက်ကိုပင် ကျောင်းနေအရွယ် လူငယ်တွေ တစ်ထိုင်တည်း အတုန်းအရုန်း ရှုံးကြသည်။
ကျောင်းသားတွေ ကျောင်းမသွားဘဲ ငါးမန်းလာဖမ်းကြသည်၊ အလုပ်သမားတွေ အလုပ်မသွားပဲ ငါးမန်းလာဖမ်း ကြသည်အထိ ငါးမန်းဂိမ်းက အချိန်ပိုင်းအတွင်း စွဲဆောင်နိုင်သည်။
လောင်းကစားဟု ခေါင်းစဉ်မတပ်ထားသော်လည်း ငွေကြေးကုန်ကျမှုမြင့်မားသည့် ထိုငါးမန်းဂိမ်းမှာပင် အလုပ်ပျက် ကျောင်းပျက် စာရိတ္တပျက် သည်အထိ လူငယ်တွေ အစုလိုက်အပြုံလိုက် ငါးမန်းကိုက်ခံရသည်။
လူငယ်တွေ စုဝေးရာအရပ်၏ နောက်ကွယ်တွင် မူးယစ်ဆေးဝါး လက်လွှဲလက်ပြောင်း အရောင်းအ၀ယ် ပြုလုပ်ရာ နေရာအဖြစ် တိတ်တဆိတ် ဖြစ်ထွန်းလာသည်။
နေပြည်တော်မှ လာစစ်ဆေးမည်ဟူသော သတင်းကြောင့် (သတင်းပေါက်ကြားမှုရှိ၍လားပဲ မသိ) ဖွင့်ချိန်မှစ နှစ်လအတွင်း နာမည်ကြီးနေသည့် ငါးမန်းဂိမ်းများတစ်နာရီအတွင်း ဖြုတ်သိမ်းကာ ကလေးကစားစရာ ပျော့ပျော့အိအိကစားကွင်းသာ မှင်သေသေနှင့် ကျန်ခဲ့သည်။
နောက်......အပျော်တမ်း မဟုတ်သည့် ကြိတ်ပုန်းခုတ် ကြက်ဝိုင်း ( တိုက်ကြက်ခြင်း ကြေးဖြင့်လောင်းဝိုင်း) များကလည်း မြို့ပေါ်နေရာများတွင်ပင် ခပ်တည်တည်နှင့် ချိန်း၍တိုက်နေကြမြဲ ။
ထိုကြက်ဝိုင်းများတွင် ကြက်မှကြက်ပဲ လုပ်ကိုင်သော ကြက်သမားစစ်စစ်တွေလည်း ပါသလို ပြည်သူချစ်သော ယူနီဖောင်း ၀တ်တွေပါသည်။ လက်မောင်းမှာအရစ်တွေနှင့်လူတွေလည်း ပါသည်၊ ငွေပေါပြီး အလုပ်လုပ်စရာမလိုသည့် ဘာဆိုင်ပိုင်ရှင်၊ ညာဆိုင်ပိုင်ရှင်တွေပါသည်။
“သူဌေးတွေ ပါတယ်၊ အရာရှိတော်တော်များများလည်း ပါတယ်။ အဲ့လိုဝိုင်းမျိုးဆိုရင် အနားတောင်မကပ်ရဲလောက်အောင် လောင်းကြေးက မြင့်တယ်၊ ဘယ်သူမှ မတိုင်ရဲဘူး ဘယ်သူမှလည်း တာဝန်သိပြီးလာမဖမ်းဘူး၊ သိမှမသိတာလို့ပြောရင်လည်း ပြောမှာပေါ့၊ ဒါပေမဲ့ ကျွန်တော့်လို သာမာန်ပြည်သူ တော်တော်များများတော့ သိတယ်” ဟု သိန်းနှင့်ချီသော တိုက်ကြက် လောင်းကစားဝိုင်းအချို့အား အတိအကျပြောပြနိုင်သူ တစ်ဦးက ပြောသည်။
ရဲဖမ်းမိသော လမ်းဘေးက အပျင်းပြေဖဲဝိုင်း၏ အဆနှစ်ဆယ်မကသော လောင်းကြေးငွေများဖြင့် ပလူပျံနေသည့် ထိုကဲ့သို့သော လောင်းကစားဝိုင်းများကို ဖမ်းဆီးသူမရှိ၊ တိုင်ကြားရဲသူမရှိ၊ သက်သေလိုက်ရဲသူမရှိ။
သီချင်းတွေထဲတွင်၊ ၀တ္ထုတွေထဲတွင် ရှမ်းပြည်နယ်သည် ချမ်းအေးသည်၊ တောင်ပေါ်သားတွေ ရိုးသားဖြူစင်သည်၊ မပြန်ချင် လောက်အောင် အေးချမ်းသာယာနေသည်ဆိုတာကို တွေ့ရမည်။
ယခင်က ဟုတ်ချင်ဟုတ်ပါလိမ့်မည်၊ အခုတော့ ရှမ်း/မြောက် ကျောက်မဲမှာပင် ဆိုင်ကယ်တွေလည်း ခိုးလာကြသည် မူးယစ် ဆေးဝါးရောင်းကြသည်၊ သုံးကြသည်၊ တကယ့်တကယ် အဖမ်းမခံရသော လောင်းကစားဝိုင်းတွေ တိတ်တဆိတ် တိုးလာ သည်......
လောင်းကစားဝိုင်းများ ပပျောက်သွားစေရန်ဆန္ဒရှိသည့် တာဝန်သိသူတွေလည်း ရှိပါသည်၊ သို့သော် ထိုလောင်းကစား ၀ိုင်းထဲတွင် တာဝန်ရှိသူတွေလည်း ရှိနေသည်။
ဥပဒေသည် တစ်ခါတစ်ရံ ပုန်းကွယ်နေတတ်သည့် သဘောရှိ၍လားမသိ သက်ဆိုးရှည်နေမြဲ လောင်းကစားဝိုင်းများကြောင့် အေးချမ်းသောရှမ်းပြည်နယ်မှ ကျောက်မဲမြို့သူမြို့သားများမှာလည်း တဖြည်းဖြည်းချင်း အချိုးပြောင်းလားကြပေပြီ။
မြစ်မခ