သြဂုတ်လ(၈)

သြဂုတ် ၈ ရက်တွင် ကျရောက်သော ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ်ပွဲများကို တောင်ကြီးမြို့တွင် ပြုလုပ်ပြီး သံဃာတော်များကို ဆွမ်းဆပ်ကပ်ခြင်း အပြင် အထိမ်းအမှတ် ပြပွဲများ ပြုလုပ်ခဲ့သည်။
ငွေရတု အထိမ်းအမှတ်အဖြစ် သြဂုတ် ၇ ရက် နံနက်ပိုင်းက စတင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တောင်ကြီးမြို့၊ မင်းကျောင်း ပရိယတ္တိ စာသင်တိုက်တွင် ၈၈ကို ဖြတ်သန်းခဲ့သူများ စုပေါင်းပြီး သံဃာ ၆၈ ပါးကို အရုဏ်ဆွမ်းကပ်လှူခဲ့သည်။
အဆိုပါ ဆွမ်းဆပ်ကပ်ပွဲသို့ တောင်ကြီး မြို့ရှိ ၈၈ ဖြတ်သန်းခဲ့သည့် ကျောင်းသားများ၊ ပြည်ခိုင်ဖြိုးပါတီ မြို့နယ် ဥက္ကဌ၊ အလုပ်အမှုဆောင်အဖွဲ့၊ အမျိုးသားဒီမိုကရေစီ ပါတီ ခရိုင် ဥက္ကဌ နှင့် ရှမ်းပြည် တောင်ပိုင်း တပ်မတော် ( RCSS/SSA) တို့ အပါအ၀င် လူအင်အားငါးဆယ်ခန့် တက်ရောက်ခဲ့သည်။
ယင်းသို့ ဆွမ်းဆပ်ကပ်ခြင်းကို မင်းကျောင်းတွင် ပြုလုပ်ရခြင်းမှာ ၈၈ အရေးတော်ပုံကာလတွင် သပိတ်စခန်းဖြစ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု လည်း ပွဲစီစဉ်သူများထံမှ သိရသည်။
မျိုးဆက်သစ်(ရှမ်းပြည်) အဖွဲ့မှ ကိုညီညီမိုးက “မင်းကျောင်း ပရိယတ္တိ စာသင်တိုက်ဆိုတာ ၈၈အရေး ခင်းကာလတုန်းက သပိတ်စခန်းဖြစ်ခဲ့တယ်။ ဒါကိုအမှတ်ရလို့အရုဏ် ဆွမ်းကပ်တာပါ၊ နေ့ခင်းမှာ တော့ ကျဆုံးသွားခဲ့တဲ့ ကျောင်းသား၊ သူတွေ ပြည်သူတွေကိုရည်စူးပြီးတော့ ၀ါဆို သင်္ကန်းကပ်လှူတာပါ” ဟု မဇ္ဈိမကို ပြောဆိုသည်။
သြဂုတ် ၇ ရက် နေ့လည် ပိုင်တွင်းမူ တောင်ကြီးမြို့ မူလ မင်းကွန်းကျောင်းတိုက်တွင် ရှစ်လေးလုံး အမှတ်တရ ပန်းချီ၊ ဓာတ်ပုံ၊ ကာတွန်း၊ ကဗျာ၊ အနုပညာ ပြပွဲကို သံကြိုးဖြုတ်ဖွင့်လှစ်သည်။ ယင်းပြပွဲ ဖွင့်လှစ်ရာတွင် ကျောင်းသားဝတ်စုံဖြင့် လူငယ်နှစ်ဦးက သရုပ်ပြ ဖွင့်လှစ်ခြင်းဖြစ်ရာ လူငယ်များကို ရှစ်လေးလုံး စိတ်ဓါတ် လက်ဆင့်ကမ်းလို၍ ယင်းကဲ့သို့ ဖွင့်လှစ်စေခြင်းဖြစ်ကြောင်းလည်း ၈၈ကိုဖြတ်သန်းခဲ့သည့် တရားလွတ်တော်ရှေ့နေ ဦးဝင်းဇော်ဦးက ပြောသည်။
ပြပွဲကို သံကြိုးဖြတ် ဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး ၄င်းက “ရှစ်လေးလုံး ပြပွဲကို သံကြိုး ဖြတ်ဖွင့်လှစ်ရခြင်းကတော့ စစ်အစိုးရ၏ အချုပ်နှောင်ခံ၊ အဖိနှိပ်ခံအားလုံးကို ပြည်သူတွေ၊ ကျောင်းသားတွေ အားလုံး ပူးပေါင်းပြီးတော့ ဖြတ်လိုက်နိုင်တာ၊ ဖြုတ်နိုင်တာကို ပြသချင်လို့ သံကြိုးဖြတ်ပြီးတော့ ဖွင့်လှစ်ရခြင်းဖြစ်တယ်” ဟု ပြောသည်။
ပွဲတွင် ပါဝင်သော သစ္စာပြတင်း အနုပညာကွန်ယက်မှ ကိုဇော်မင်းထူးက “ကျွန်တော်တို့သည်နေ့ကတော့ အနုပညာပြခန်းဖွင့်လှစ်တာပါ၊ သည်မှာ သမိုင်းဝင်ဖြစ်ပျက်ခဲ့တဲ့ ဓာတ်ပုံတွေ ကြည့်နိုင်တယ်၊ ပန်းချီ၊ကာတွန်းတွေ၊ ပါဖောမန့်အတ်တွေ ခံစားနိုင်တယ် ကျွန်တော်တို့ တတ်ကျွမ်းတဲ့ အနုပညာနဲ့ တစ်ထာင့်တစ်နေရာကနေ ပါဝင်ကူညီပေးခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
ရှစ်လေးလုံး ငွေရတုပြပွဲကို တောင်ကြီးမြို့တွင် သြဂုတ် ၈ ရက်နေ့ထိ ခင်းကျင်း ပြသထားမည်ဖြစ်ပြီး၊ ၈ ရက်နေ့တွင်နိုင်ငံရေး ဆွေးနွေးပွဲများ၊ စာတန်းဖတ်ပွဲများ၊ အဖွဲ့အစည်းအသီးသီး၏ သ၀ဏ်လွှာဖတ်ပွဲများ ပါဝင်မည်ဖြစ်သည်။
Mizzima