သြဂုတ်လ(၆)ရက်
နန့်ယောင်ချောင်း ရေလျှံမှုကြောင့် လားရှိုးမြို့ ပြည်ထောင်စု လမ်းမပေါ်တွင် ရေကြီးနေကာ ကားများ အလှည့်ကျ ဖြတ်သန်းနေစဉ် (ဓာတ်ပုံ- ထွန်းနေလှိုင်)
ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်း (အေတီချောင်း)တွင် သြဂုတ် ၅ ရက် နံနက် ၄ နာရီမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
နမ့်ယောင်ချောင်း ရေလျှံမှုကြောင့် လားရှိုးမြို့အထွက် အေတီတံတားအလွန် ပြည်ထောင်စု လမ်းမကြီးပေါ်သို့ ရေအမြင့် လေးပေခန့်အထိ မြင့်တက်လာကာ လားရှိုး- မူဆယ် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ ရေကျော်နေမှုအား ဖြတ်သန်းရန် ကမ်းတစ်ဖက်စီတွင် စောင့်ဆိုင်းနေရပြီး အလှည့်ကျ ဖြတ်သန်းနေရကြောင်း သိရသည်။
မိုင်းယော်၊ မိုင်းကျက်ဘက် အခြမ်းမှ တောင်ကျရေများသည် နမ့်ယောင်ချောင်း အတွင်းသို့ စီးဆင်းလာကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လားရှိုးမြို့အထွက် နမ့်ယောင်ချောင်းဖြတ် အေတီတံတားအလွန် မြေနိမ့်ပိုင်းကျသော လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်သို့ ရေကျော်ခဲ့သည်။
''ဒီကနေ့ မနက်ပိုင်းလောက် ကနေစပြီး ရေကတဖြည်းဖြည်း တက်လာတယ်။ မနေ့က မိုးအရမ်း ရွာထားတော့ တောင်ကျရေတွေ စီးလာတဲ့အတွက် မြေနိမ့်ပိုင်းကျတဲ့ နေရာကို လျှံတာ'' ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် မိုင်းယော်၊ မိုင်းကျက်ဘက် အခြမ်းမှ တောင်ကျရေများသည် နမ့်ယောင်ချောင်း အတွင်းသို့ စီးဆင်းလာကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လားရှိုးမြို့အထွက် နမ့်ယောင်ချောင်းဖြတ် အေတီတံတားအလွန် မြေနိမ့်ပိုင်းကျသော လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်သို့ ရေကျော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''လောလောဆယ်ထိတော့ ကုန်တင်ကားတွေ ဖြတ်လို့ရသေးတယ်။ ဗင်ကားတွေ၊ ဟိုင်းအေ့ ကားတွေကိုတော့ လူတွေတွန်းပို့ ပေးနေရတယ်။ ဆိုင်ကယ်တွေကိုတော့ လူတွေထမ်းပြီးမှ ဖြတ်ကူးနေရတယ်။ မိုးမတိတ်ဘဲ ရေဒီထက် ပိုတက်လာမယ်ဆိုရင် ကားတွေဖြတ်သန်းဖို့ လွယ်မယ်မထင်ဘူး'' ဟု မူဆယ်-လားရှိုး ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
မိုးအဆက်မပြတ် ရွာသွန်းပါက နမ့်ယောင်ချောင်းရေသည် တောင်ကျရေများကြောင့် မြင့်တက်လေ့ရှိပြီး ယခင်နှစ် သြဂုတ်လတွင်လည်း မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
EMG