23.9.2013
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပနေသည့် ရှမ်း၊ ကယား၊ မွန်လူမျိုးတို့၏ နိုင်ငံရေး ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော စာတမ်းများကို တိုင်းရင်းသား ပါတီများနှင့် လက်နက်ကိုင် အဖွဲ့အစည်း ၄၂ ဖွဲ့က ဖတ်ကြား ဆွေးနွေးမည် ဖြစ်ကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုးင်းညွန့်လွင်က ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး စာတမ်း ဖတ်ကြားရာတွင် အဓိက လိုအပ်နေသော တိုင်းရင်းသားတန်းတူ အခွင့်အရေးအတွက် ဖက်ဒရယ်စနစ် အကောင်အထည် ဖော်နိုင်ရေးကို ဦးတည်ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ယင်းဆွေးနွေးပွဲမှ ရလဒ်များကို စုစည်းပြီး အကောင်အထည်ဖော်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းကာ အစိုးရထံ တင်ပြသွားမည် ဖြစ်ကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဝင် ဦးစိုင်းမင်းက ပြောဆိုသည်။
အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရသည် နိုင်ငံရေး အာမခံချက်ဖြစ်သော တိုင်းရင်းသားများ တောင်းဆိုနေသည့် ဖက်ဒရယ်စနစ် ပေါ်ပေါက်လာရေးကို ဦးစားပေး ဆွေးနွေးသင့်ကြောင်း ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးတပ် PNLO အတွင်းရေးမှူး (၁) ဦးခွန်သောမတ်က ပြောကြားသည်။
“နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားတွေအတွက် ဘာအာမခံချက် ပေးနိုင်လဲဆိုတာ အရေးကြီးပါတယ်” ဟု ဦးခွန်သောမတ်က ဆိုသည်။
အဆိုပါ ရှမ်း၊ ကယား၊ မွန်နိုင်ငံရေး ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်နေ့တွင် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည် မြောက်ပိုင်းတပ်မတော် SSPP/SSA နှင့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးတပ် PNLO တို့နှင့် တွေ့ဆုံကာ ၂၀၁၄ တိုင်းရင်းသား ညီလာခံ ကျင်းပရေးအတွက် ဆွေးနွေးခဲ့သည်။
The Voice Weekly