Thursday, September 26, 2013

ဗီဇာသက်တမ်းကုန် မြန်မာများ သက်တမ်းတိုးရန် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံ ဝန်ကြီးအဆင့် ဆွေးနွေးမည်

0 comments
ရန်ကုန်၊ စက်တင်ဘာ ၂၅

ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ဗီဇာသက်တမ်း လေးနှစ် ကုန်ဆုံးသည့် မြန်မာလုပ်သားများ အလုပ်ဆက်လက် လုပ်ကိုင်ခွင့် ရရှိရန် ဗီဇာသက်တမ်း တိုးပေးရေး အပါအဝင် ထိုင်းရောက် မြန်မာလုပ်သားများအရေး ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ အလုပ်သမား ဝန်ကြီး အဆင့် ဆွေးနွေးပွဲကို အောက်တိုဘာ ဒုတိယ အပတ် အတွင်း ပြင်ဦးလွင်မြို့တွင် ကျင်းပမည် ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

ထိုင်းရောက် မြန်မာလုပ်သားများကို ဗီဇာသက်တမ်းတိုးရန် နှစ်နိုင်ငံ သဘောတူညီမှု ရရှိ ထားပြီး ဖြစ်သော် လည်း အမှန်တကယ် လုပ်ငန်းစတင်နိုင်ရန် နိုဝင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့ တို့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အသေးစိတ် အစီအစဉ်များကို ချမှတ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နှစ်နိုင်ငံ ဝန်ကြီးအဆင့် တွေ့ဆုံ ဆွေးနွေးမည့် ယင်းအစည်းအဝေးတွင် ဗီဇာသက်တမ်း တိုးရေး အပါအဝင် တရားမဝင် မြန်မာ များကို တရားဝင်ဖြစ်ရေး အထောက်အထား ထုတ်ပေးသည့်ကိစ္စ၊ ရွှေ့ပြောင်း လုပ်သား များ၏ ကလေးများအရေး အပါအဝင် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား အရေးများနှင့် ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သိရှိရသည်။

နှစ်နိုင်ငံ ဝန်ကြီးအဆင့် တွေ့ဆုံ ဆွေးနွေးပြီးပါက ဗီဇာ သက်တမ်းကုန် မြန်မာ လုပ်သား များကို အောက်တိုဘာနှင့် နိုဝင်ဘာလ အတွင်းတွင် သက်တမ်းတိုးပေးနိုင်မည် ဖြစ်ကြောင်း ဦးမျိုးအောင်က ထပ်မံပြောဆိုသည်။

ထိုင်းနိုင်ငံရောက် ဗီဇာသက်တမ်းကုန် မြန်မာများကိစ္စနှင့် ပတ်သက်၍ နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူများ ထိုင်းနိုင်ငံတွင် စက်တင်ဘာလ ၅ ရက်နေ့က ဆွေးနွေးခဲ့ရာ ဗီဇာသက်တမ်းကုန်သူများ သုံးနှစ် နေရပ်ပြန်ရေး မူဝါဒကို ဖြေလျှော့ လိုက်ပြီး ဗီဇာ သက်တမ်းတိုးရန် နေရာ ငါးနေရာတွင် ရုံးဖွင့်လှစ်၍ One Stop Service စနစ်ဖြင့် လုပ်ရန် သဘောတူညီမှု ရရှိခဲ့သည်။

ဗီဇာသက်တမ်း ကုန်ဆုံးသူများသည် မူရင်းနိုင်ငံသို့ သုံးနှစ်ပြန်ပြီးမှသာ ထိုင်းတွင် ပြန်လည် အလုပ်လုပ်ခွင့် မူဝါဒကြောင့် ဗီဇာ သက်တမ်းကုန် မြန်မာများကို ပွဲစားများက ဗီဇာသက်တမ်း တိုးပေးမည်ဟု ဆိုကာ ငွေကြေး လိမ်လည်နေကြောင်း၊ ထိုင်းရဲများ၏ ငွေကြေး မတရားတောင်းယူ ခြင်းလည်း ခံနေရကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း လုပ်သား အခွင့်အရေး ကွန်ရက်မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောဆိုထားသည်။

တရားမဝင် မြန်မာလုပ်သားများကို အထောက်အထား ထုတ်ပေးရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံအစိုးရ နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးကာ ၂၀၀၉ ခုနှစ်မှ စတင်ကာ လုပ်ဆောင်ခဲ့ပြီး ယင်းအချိန်က အထောက်အထား ရရှိသူများမှာ ဗီဇာသက်တမ်း ကုန်ဆုံးနေခြင်း ဖြစ်သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here