Thursday, September 26, 2013

နိုင်ငံခြားသား ခရီးသည်များ ဝင်ရောက်နိုင်ရန် မူဆယ်တွင် ဂိတ်စခန်းဖွင့်မည်

0 comments


ရန်ကုန်၊ စက်တင်ဘာ ၂၅

တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သော မူဆယ်မြို့ရှိ မူဆယ်-ရွှေလီ (ကျယ်ဂေါင်) တွင် နိုင်ငံခြားသား ခရီးသည်များ ဝင်ရောက်နိုင်ရေး အတွက် နယ်စပ်ဂိတ်စခန်း တစ်ခုကို ယခုနှစ် ပွင့်လင်းရာသီအမီ ဖွင့်လှစ်သွား မည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမောင်မောင်သန်းက ပြောကြားသည်။

ပွင့်လင်းရာသီတွင် နိုင်ငံခြားသား ခရီးသည်များ ရရှိရေးအတွက်သာမက ဆီဂိမ်းတွင်လည်း နိုင်ငံခြား ဧည့်သည်များ ဝင်ရောက်နိုင်ရေး အတွက်ပါ ရည်ရွယ်ပြီး ဂိတ်စခန်းဖွင့်ရန် နှစ်နိုင်ငံ ဆွေးနွေးကာ ကမ်းလှမ်းထားပြီ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တရုတ်-မြန်မာနယ်စပ်တွင် ဂိတ်စခန်း ဖွင့်ပါက ခရီးသွားများအတွက် အဆင်ပြေစေသကဲ့သို့ နိုင်ငံခြားသား ခရီးသည်များ ဝင်ရောက်မှု နှုန်းလည်း မြင့်လာနိုင်ကြောင်း၊ ဂိတ်စခန်း ဖွင့်စတွင် ခရီးသည်များ မသိ ရှိသေးသောကြောင့် ခရီးသည် အဝင် နည်းနိုင်သော်လည်း ဝက်ဘ်ဆိုက်များ၊ မီဒီယာ များတွင် ဖော်ပြခြင်းဖြင့် ဂိတ်စခန်း များကို ခရီးသည်များ သိနိုင်ပြီး ခရီးသည် အဝင်များ လာနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးနောင်းနောင်း ဟန်က ပြောကြားသည်။

သြဂုတ်လ ၂၈ ရက်နေ့က နိုင်ငံခြားသား ခရီးသွားများ တရားဝင် ဗီဇာရယူ ဝင်ရောက်နိုင်ရန် မြန်မာ-ထိုင်းနယ်စပ်များ ဖြစ်သော တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင်း-ရနောင်းနှင့် ထီးခီး-မူနာရွန်ဟူသည့် နယ်စပ် ဂိတ်ပေါက်များကို ဖွင့်လှစ်ခဲ့သည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုသည် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များမှ ၄၉၅,၀၅၃ ဦးနှင့် နယ်စပ် ဝင်ပေါက်များဖြစ်သော ထိုင်းနယ်စပ် ကော့သောင်းနှင့် တာချီလိတ်၊ တရုတ်နယ်စပ် မူဆယ်နှင့် လောက်ကိုင်မြို့ နယ်စပ် ဝင်ပေါက်များမှ နေ့ချင်းပြန် လည်ပတ်သူ နိုင်ငံခြားသား ဧည့်သည်ပေါင်း ၅၃၄,၉၂၉ ဦး ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန စာရင်းအရ သိရသည်။

The Voice  Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here