Thursday, September 26, 2013

အာဆီယံ ဥပဒေပါ အခြေခံအခွင့်အရေး မြန်မာရွှေ့ပြောင်း လုပ်သားများ ခံစားခွင့်ရမည်ဟုဆို

0 comments
ရန်ကုန်၊ စက်တင်ဘာ ၂၅

မြန်မာ အပါအဝင် အာဆီယံနိုင်ငံများက ရွှေ့ပြောင်း လုပ်သားများသည် အာဆီယံနိုင်ငံ များတွင် ပြဋ္ဌာန်း ထားသည့် ဥပဒေပါ အခြေခံ အခွင့်အရေးများကို ခံစားခွင့် ရရှိမည် ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ် သမားများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်း ဆိုင်ရာ အာဆီယံ ကော်မတီ၏ သဘောတူညီချက် အရ သိရှိရသည်။

ရန်ကုန်မြို့တော် ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်တွင် စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများ၌ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လွတ်လပ်စွာ ရွှေ့ပြောင်းလုပ်ကိုင် နေထိုင်ခွင့်၊ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုရာတွင် လုပ်သားများ နားလည်နိုင်သည့် သက်ဆိုင်ရာ နိုင်ငံခြား ဘာသာစကားဖြင့် ချုပ်ဆိုရန်၊ သက်သေခံ စာရွက်စာတမ်းများကို ရရှိခွင့်ရှိရန်စသည့် အချက်များ ပါဝင်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က ပြောကြားသည်။

ရွှေ့ပြောင်းလုပ်သားများကို လက်ခံသည့် နိုင်ငံ၏ နိုင်ငံသားများ နည်းတူအခွင့်အရေး ရရှိရေး ဆွေးနွေးမှုများတွင် ညှိနှိုင်းရာတွင် လုပ်သားလက်ခံသည့် နိုင်ငံက ကန့်ကွက်သဖြင့် သဘောတူညီမှု မရရှိသေးကြောင်း ၎င်းကပြောကြားသည်။“အလုပ်သမားပို့တဲ့ နိုင်ငံတွေက အလုပ်သမားတွေကို ကာကွယ်ဖို့ တောင်းဆိုတယ်။ အလုပ်သမား လက်ခံတဲ့ နိုင်ငံက သူတို့ရဲ့ ဥပဒေနဲ့ မညီဘူးဆိုပြီး လက်မခံတာတွေ ရှိတယ်” ဟု ဦးမျိုးအောင်က ဆိုသည်။“လက်ရှိ ပြည်ပမှာ ကြုံတွေ့နေတဲ့ အလုပ် သမား ပြဿနာတွေကို အခြေခံပြီး တင်ပြတောင်းဆို လိုက်တယ်” ဟု ဦးမျိုးအောင်က ပြောကြားသည်။

အလုပ်သမားများ၏ အခြေခံအခွင့်အရေး၊ အလုပ်သမားများကို ပေးမည့် အထူးအခွင့်အရေး၊ အလုပ်သမားပို့မည့် နိုင်ငံ၏ တာဝန်နှင့် အလုပ်သမား လက်ခံသည့်နိုင်ငံ၏ တာဝန်များကို ထည့်သွင်း ရေးဆွဲနေသည့် ယင်းအာဆီယံ စာချုပ်စာတမ်းကို စတင်ကျင့်သုံးပါက ယင်းစာချုပ်စာတမ်းတွင် ဖော်ပြထားသည့် စံနှုန်းအတိုင်း အာဆီယံ ရွှေ့ပြောင်း လုပ်သားများ ခံစားခွင့် ရရှိမည် ဖြစ်သည်။

လက်ရှိ အခြေအနေတွင် မြန်မာလုပ်သား အများစု သွားရောက် လုပ်ကိုင်သည့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့တွင် အနိမ့်ဆုံး ခံစားခွင့် ရရှိမည်ဟု တရားထုတ်ပြန်ထားသည့် လုပ်အားခ အတိုင်း မြန်မာလုပ်သား အားလုံးရရှိခြင်း မရှိသေးကြောင်း၊ စင်ကာပူနိုင်ငံတွင်လည်း S’pass ဖြင့် လုပ်ကိုင် သူများကို စင်ကာပူ အစိုးရက စင်ကာပူဒေါ်လာ ၂၂၀၀ အနိမ့်ဆုံး ရရှိရမည်ဟု သတ်မှတ် ထားသော်လည်း မြန်မာ လုပ်သားများ ဒေါ်လာ ၁၈၀၀ ဝန်းကျင်ဖြင့် လုပ်ကိုင်နေရဆဲ ဖြစ်ကြောင်း အလုပ် သမားများနှင့် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများထံမှ သိရှိရသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here