Tuesday, September 24, 2013

ရှမ်း၊ ကယား၊ မွန်ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲမှ ထွက်ပေါ်လာသော စကားသံ များနှင့် မျှော်လင့်ချက်

0 comments
24.9.2013

တောင်ကြီးမြို့တွင် စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ရှမ်း၊ ကယား၊ မွန် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်ထောင်စု တပ်မတော်၊ ဖက်ဒရယ် ကိစ္စများနှင့် ပတ်သက်၍ စကားသံများ ထွက်ပေါ်လာခဲ့သည်။

ထိုတွေ့ဆုံဆွေးနွေးပွဲတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ၀ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက် တစ်တပ်ဦး(ABSDF)၊နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ အပါအ၀င် အဖွဲ့အစည်း(၁၇)ဖွဲ့ ပါဝင် ဆွေးနွေးခဲ့ကြသည်။

တပ်မတော်ကို တိုင်းရင်းသားတွေပါဝင်တဲ့ ပြည်ထောင်စုတပ်မတော်အဖြစ် ဖွဲ့စည်းပြီး နိုင်ငံတော် သမ္မတရဲ့ ကွပ်ကဲမှု အောက်မှာ ထားရှိဖို့ လိုအပ်တယ်လို့ RCSS/SSA မှ ဗိုလ်မှူးချုပ် စိုင်းပေါင်ခေး က ပြောကြားခဲ့ပါသည်။ သူ့အဆိုကို လက်ခံ ချင်သူရှိသလို လက်မခံချင်သူများလည်း ရှိခဲ့၏။

ထိုနည်းတူ ချင်းအမျိုးသားတပ်ဦး(CNF)၏ အဓိပတိကောင်စီဝင် ဒေါက်တာ ဆလိုင်းလျန်မုန်းကလည်း အစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင်များအကြားအပစ်အခတ်ရပ်စဲရေး ပြုလုပ်ရာတွင် စစ်ဘက် ဆိုင်ရာကျင့်ဝတ်များ ထည့်သွင်းရန် အရေး ကြီးပြီး ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ (KIO)မပါဘဲနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်မည်ဆိုပါက အဓိပ္ပါယ် မရှိကြောင်း ပြောဆိုခဲ့သည်။ သို့သော်လာမည့် အောက်တိုဘာတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုး ပွဲ ကျင်းပတော့မည်ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်သူဆန္ဒ လုံးဝ မပါကြောင်းနှင့် နိုင်ငံတော်အာဏာကို ပြည်သူလူထုအား အပ် မထားကြောင်း NLD ဖွဲ့စည်းပုံ အခြေခံ ဥပေဒပြင်ဆင်ရေးကော်မတီဝင်တစ်ဦးဖြစ်သူ တရားလွတ်တော်ရှေ့နေ ဦးကိုနီ က ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်စရာများ များလွန်းနေပြီး ပြင်ဆင်ရန် မှာလည်း မဖြစ်နိုင်လောက်အောင် ခက်ခဲလွန်း သောကြောင့် အသစ်တစ်ခုကို အချိန်ယူရေးဆွဲကာ အစား ထိုးပြင်ဆင် စေခြင်းက ကောင်းမွန်မည်ဟု ထင်ကြောင်း ချပြခဲ့မှုအပေါ် တက်ရောက် လာသူ များက လည်း ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ သည်။ ကိုယ်လိုရာဆွဲ ပြင်မယ့် ဖွဲ့စည်းပုံမှန်သမျှ ဘယ်သော အခါမှ ပြီးမည်မဟုတ်ပါ။ `၀´ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)ကလည်း`၀´ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ထပ်မံတောင်းဆိုခဲ့သည်။ `၀´ ပြည်နယ်အဖြစ် ပေးလိုက်ပါက မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် များ ထပ်မံပေါ်ထွက် လာကာ ပြည်ထောင်စုကြီး အစိတ်အစိတ်အမွှာမွှာပြိုကွဲသွားလိမ့်မည်။
အမြင်မတူ အသွင်မတူ အဓိပ္ပါယ်မတူသော စကားသံအချို့ကို နားထောင်ခြင်းဖြင့် အဆိုပါ ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ၏ အကျိုးဆက်ကို ခန့်မှန်းနိုင်ပါသည်။ အဆိုပြုချက်အားလုံးကို ရှမ်း၊ ကယား၊ မွန်အဖွဲ့များက လက်ခံကြမည် လား။ သို့ဆိုလျှင် မျှော်လင့်ချက်များစွာ ရှင်သန်နေသည့် အဆိုပါ ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲမှတစ်ဆင့် ငြိမ်းချမ်းရေးပန်းတွေ ထပ်မံဖူးပွင့်လာတော့ မည့် အတိတ်နိမိတ် ဖြစ်ပါသည်။ ထို့နောက် စစ်မှန်သော ထားဝရငြိမ်းချမ်းရေး ဆီသို့ တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်နိုင်တော့မည်လားဆိုသည့် အဖြေကိုလည်း မျှော်လင့်ရင်ခုန်ရပါဦးမည်။

ငြိမ်းချမ်းရေးမျှော်လင့်သူတစ်ဦး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here