Wednesday, September 11, 2013

ခြေရာကောင်းများ ချန်ခဲ့စေချင်

0 comments



(မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လားရှိုး-နမ္မတူ ကားလမ်းမပေါ်ရှိ အီနိုင်းကျေးရွာ စက်တင်ဘာ ဒုတိယအပတ်က ရေကြီးရေလျှံမှု ဖြစ်ပေါ်နေစဉ်)

  "လူဆိုတာ ဘယ်လောက်ပဲ မစွမ်းနိုင်ဘူးဆိုဆို ကိုယ်နေတဲ့နေရာ၊ ကိုယ့်အရပ်၊ ကိုယ့်မိဘ၊ ကိုယ့်ဆရာသမား၊ အတူနေဖက်မိတ်ဆွေ သင်္ဂဟတွေက အမှတ်တရ ဖြစ်စေလောက်တဲ့ ခြေရာကောင်းတစ်ခုကျန်အောင် လုပ်ခဲ့ရမယ်"
 
(တောင်မြို့၊ ည၀ါအကျော်ဆရာတော်ကြီး)

အထက်ပါ အဆုံးအမ သြ၀ါဒလေးကို ဓမ္မဘေရီ အရှင်ဝီရိယရဲ့ "လျှောက်တတ်ရင်လမ်း" ဆိုတဲ့ စာအုပ်လေးထဲက ဖတ်ခဲ့ဖူးခဲ့တာ နှစ်အတော် ကြာခဲ့ပါပြီ။ တန်ဖိုးရှိတဲ့ အဆိုအမိန့် တစ်ခုဆိုတာကို ဖတ်မိသူတိုင်း သိကြမှာပါ။ "အသိဥာဏ်" ဆိုတဲ့ စွမ်းအင်တစ်ခု ပိုင်ဆိုင်ထားကြတဲ့ ကျွန်တော်တို့ လူသားတွေ လောကအတွက်၊ နောက်လာနောက်သားတွေအတွက် "ခြေရာကောင်းလေး" တွေ မချန်ထားခဲ့လို့ မဖြစ်တော့ပါဘူး။ ခြေရာတိုင်းချင်တဲ့သူတွေသာ များနေပြီး ခြေရာကောင်း ချန်ခဲ့သူတွေ ရှားပါးနေခြင်းက သတိပြုစရာပါ။

ပြီးခဲ့တဲ့ တစ်ပတ်က အလှူတစ်ခုမှာ မိတ်ဆွေတစ်ယောက်နဲ့ အမှတ်မထင် ဆုံဖြစ်ခဲ့တယ်။ ထိုမိတ်ဆွေက ပြည့်စုံတဲ့ မိသားစု အသိုင်းအ၀ိုင်းနဲ့ တင့်တောင့်တင့်တယ် နေနိုင်တဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့အပြုအမူအချို့က ထူးဆန်းနေလေရဲ့။ သူ့ကားနဲ့ သွားလေရာမှာ ဘယ်နေရာဖြစ်ဖြစ် "စွန့်ပစ်ပစ္စည်း" တွေတွေ့ရင် ကိုယ်တိုင်ဆင်းကောက်ပြီး သူ့ကားနောက်ခန်းမှာ ထည့်တော့တာပါပဲ။ သူ့အပြုအမူ အချို့ကို မြင်တွေ့ရတဲ့သူ အချို့က စိတ်မှနှံ့လေရဲ့လားလို့ တွေးကြမှာပါ။ ဒါက လမ်းသွားရင်းနဲ့ပါ။

အိမ်မှာနေရင်လည်း မနက်ဆိုရင် စက်ဘီးနင်းပြီး ရပ်ကွက်ထဲမှာ စွန့်ပစ်ထားတဲ့ အသုံးဝင် ပြန်ရောင်းလို့ရတဲ့ ပစ္စည်းတွေကို သူလိုက်ကောက်ပါတယ်။ ပြန်လည်ဆေးကြော သန့်စင်ပြီး စုပေါင်းရောင်းချတယ်။ အဲဒီစွန့်ပစ်ပစ္စည်း ရောင်းရငွေနဲ့ သူတို့အဖွဲ့အစည်းက လိုအပ်တဲ့ နေရာဒေသမှာ လူမျိုးဘာသာမရွေး လှူဒါန်းပါတယ်။ သူတို့ရဲ့ အဖွဲ့အစည်းက ထင်ပေါ်ကြော်ကြားမှုကို ဦးစားမပေးဘဲ အများအကျိုးအတွက် အလေအလွင့်တွေကို အသုံးချခဲ့တာပါ။

ထိုမိတ်ဆွေက "သွေးမြေကျခဲ့သူများအတွက် ချွေးမြေကျ ပေးဆပ်ကြပါလိမ့်မယ်" ဆိုတဲ့ "လက်ကမ်းစာစောင်" လေးတစ်ရွက် လက်ဆောင်ပေးခဲ့ပါတယ်။ ပဒေသာပင် ပေါက်ချင်ရင် အလုပ်လုပ်ရမယ်ဆိုတဲ့ "ဗိုလ်ချုပ်အောင်ဆန်း" ရဲ့ မိန့်ခွန်းတစ်ခုနဲ့ သူ့ရဲ့လက်ကမ်းစာစောင်မှာ အစပျိုးထားပါတယ်။ "လမ်းပေါ်မှာ ငွေတွေပြန့်ကျဲနေတယ်" ဆိုတဲ့ လက်ကမ်းစာစောင်ထဲက စကားရပ်လေးကတော့ သတိပြု မှတ်သားစရာလေးပါပဲ။

"လိုအပ်လို့ လုပ်လို့ရတဲ့ အလုပ်မှန်သမျှဟာ အောက်မကျပါဘူးဆို" တဲ့ နိုင်ငံခြား စကားပုံ ရှိပါတယ်။ လမ်းပေါ်က အလေအလွင့်တွေကို "ဂုဏ်သိက္ခာတွေ၊ ရှက်ခြင်း၊ ကြောက်ခြင်း" တွေကို ရှေ့တန်းမတင်ပါဘဲ အကျိုးရှိရှိ အသုံးချခဲ့တဲ့ မိတ်ဆွေနဲ့ သူ့အဖွဲ့အစည်းရဲ့ လုပ်ရပ်တွေဟာ ချီးကျူးစရာပါ။ သူတို့တွေဟာ နောင်လာနောက်သားတွေအတွက် ခြေရာကောင်းလေးတွေ ချန်နေကြတာပါ။ လူတိုင်းမလုပ်နိုင်သေးတဲ့ သူတို့ရဲ့လုပ်ရပ်ဟာ ပတ်ဝန်းကျင်အတွက် လွန်စွာအထောက်အကူ ပြုပါတယ်။

အစိမ်းရောင် ချစ်သူများအဖွဲ့ကို ဖွဲ့စည်းပြီး နေရာအနှံ့ သစ်ပင်စိုက်ပျိုးနေကြတဲ့ ဆရာဦးအုန်း စတဲ့ "မြေကမ္ဘာ ချစ်သူများ" ဟာလည်း လောကကြီးအတွက်၊ ကမ္ဘာကြီးအတွက် ခြေရာကောင်းတွေ ချန်နေကြတာပါ။ သစ်ပင်တွေကို အကြောင်းမဲ့သက်သက် မဖျက်ဆီးပါဘဲ စွမ်းနိုင်သမျှ သစ်ပင်တွေကို ချစ်မြတ်နိုးပြီး သစ်ပင်တွေကို စိုက်ပျိုးကြမည်ဆိုလျှင် လောကမြေကမ္ဘာအတွက် ခြေရာကောင်း ချန်ထားခဲ့ခြင်း ပါပဲ။ "ရယူခြင်းတွေနဲ့ ပျော်ရွှင်နှစ်သက်နေခဲ့တဲ့" ကျွန်တော်တို့တစ်တွေအားလုံး ပေးဆပ်ခြင်းတွေနဲ့လည်း ပျော်မွေ့နှစ်သက်တတ်ဖို့ လိုအပ်လာပါပြီ။

တခြားတခြားသော လူမှုအဖွဲ့အစည်းတွေဟာလည်း လောကကြီးအတွက်၊ ကမ္ဘာကြီးအတွက် ခြေရာကောင်းတွေ ချန်နေကြတာပါ။ ယနေ့ မျက်မှောက်ခေတ်မှာ "Environmentalist ခေါ်သော ပတ်ဝန်းကျင်ကို ထိန်းသိမ်းသူတွေ" များစွာလိုအပ်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အလေအလွင့် စွန့်ပစ်ပစ္စည်း နည်းပါးအောင်လည်း ပြုမူကျင့်ကြံ ကြရပါမယ်။ ပေါ်ထွက်လာခဲ့တဲ့ အလေအလွင့်တွေကို ဘေးထွက်ဆိုးကျိုး မဖြစ်အောင် အကျိုးရှိရှိ ပြန်လည်သုံးစွဲတတ်အောင်လည်း သတိပြုရမှာပါ။

"သဘာဝဘေးတွေနဲ့" ခုနောက်ပိုင်း နှစ်တွေမှာ ခဏခဏ ကြုံခဲ့ရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို သတိမပြုလို့ မရတော့ပါဘူး။ ငါတစ်ယောက်တည်းနဲ့တော့ ကမ္ဘာလောကကြီး ဘာမှမဖြစ်သွားလောက်ပါဘူးဆိုတဲ့ အတွေးမျိုး မ၀င်သင့်ပါဘူး။ အဲဒီတစ်ယောက်တွေ များလာခဲ့ရင်တော့။

ကျွန်တော်တို့ ငယ်ငယ်က ဖတ်ခဲ့ရတဲ့ မူလတန်း ပုံပြင်လေးတစ်ပုဒ်ကို သတိရကြဦးမှာပါ။ တောကစားထွက်ခဲ့တဲ့ မင်းသားတစ်ယောက်ဟာ သစ်ပင်စိုက်နေတဲ့ အဘိုးအိုတစ်ယောက်ဆီမှာ ရေတောင်းသောက်ခဲ့တယ်။ အဘိုးအိုက မင်းသားကို ရေလည်းတိုက်တယ်။ ခြံထွက်သရက်သီးတွေလည်း ကျွေးခဲ့တယ်။ အမောပြေသွားတဲ့ မင်းသားက အဘိုးအိုကို ဘာအပင်တွေ စိုက်တာလဲလို့ မေးကြည့်ပြီး သရက်ပင် စိုက်နေမှန်း မင်းသားက သိသွားခဲ့တယ်။

ဒါပေမဲ့ မင်းသားရဲ့အသိက အပြစ်တင်ချင်တဲ့ အသိပါ။ "အဘိုးက အသက်ကြီးနေပြီ။ အခုစိုက်နေတဲ့ သရက်ပင်ဟာ အဘိုးအတွက် ဘာမှ အကျိုးမရှိတော့ပါဘူး" တဲ့။ အဘိုးအိုက "မင်းသား ဒီသရက်ပင်က သရက်သီးတွေကို အဘိုးမမျှော်လင့်ပါဘူး။ နောင်လာနောက်သားတွေအတွက် အဘိုးအပင်စိုက်နေတာပါ။ အခု အသင်မင်းသား စားနေတဲ့ သရက်သီးတွေဟာလည်း ရှေးကဘိုးဘွားတွေ စိုက်ခဲ့လို့ အခုစားနေရတာပါ" လို့ အဘိုးအိုက မင်းသားရဲ့ အမြင်တွေကို တည့်မတ်ပေးခဲ့ပါတယ်။ တကယ်တော့ သရက်ပင်စိုက်ခဲ့တဲ့ အဘိုးအိုဟာ နောင်လာနောက်သားတွေအတွက် ခြေရာကောင်းတွေ ချန်ထားခဲ့တာပါ။ ကျွန်တော်တို့တွေ အားလုံးဟာလည်း "ကြည့်တတ်မှမြင်ရတဲ့ လောကကြီးထဲမှာ" ခြေရာကောင်းတွေ ချန်ထားနိုင်ရပါမယ်။ လောကနဲ့ ပတ်ဝန်းကျင်ကို အတွင်းကျကျ ကြည့်တတ်အောင် ကြိုးစားကြရပါမယ်။ လောကကို အရှည်တည်တံ့နိုင်စေမယ့် အပျက်အစီး နည်းစေနိုင်မယ့် အမြင်မျိုးရှိဖို့ လိုအပ်သလို "လောကကောင်းစားရေး" ကို ပြုမူပေးနိုင်သူတွေအဖြစ် တတ်အားသရွေ့ ပါဝင်စွမ်းဆောင် ကြရပါမယ်။

ကျွန်တော်တို့တွေ လွယ်လွယ်လေးနဲ့ သေလို့မဖြစ်သေးပါဘူး။ အသိဥာဏ်မဲ့ သေဆုံးလို့ မဖြစ်သေးပါဘူး။ သေရင်ပြီးတာပဲ။ ငါလည်းသိနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အတွေးမျိုးလည်း မထားသင့်ပါဘူး။ အနောက်နိုင်ငံတွေ၊ ဥရောပနိုင်ငံတွေကို ကြည့်မယ်ဆိုရင် သူတို့နိုင်ငံက လူသားတွေဟာ အနာဂတ်မျက်လုံး အားကောင်းကြတယ်ဆိုတာ သိကြမှာပါ။ ကျွန်တော်တို့တွေလည်း အနာဂတ် မျက်လုံးတွေနဲ့ လောကနဲ့နိုင်ငံကို စူးစူးစိုက်စိုက်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် လောကကြီး ကောင်းမွန်စေဖို့ ခြေရာကောင်းလေးတွေ ချန်ထားကြရပါမယ်။ နိုင်ငံတော်ကြီး တိုးတက်သာယာစေဖို့ ခြေရာကောင်းလေးတွေ ချန်ထားကြရပါမယ်။ ကျွန်တော်တို့အားလုံးရဲ့ ခြေလှမ်းတွေဟာ အနာဂတ်အတွက် အသုံးဝင်ပါစေလို့ ဆုတောင်းမိပါတယ်။





EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here