Tuesday, September 24, 2013

ရထားလမ်းပိုင်းများနှင့် ရထားကြံ့ခိုင်မှု အားနည်းခြင်းကြောင့် သြဂုတ်လအတွင်း ဘီးချော်မှု ၂၁ ကြိမ်ဖြစ်ပွား

0 comments
(ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရထားဘီးချော် တိမ်းမှောက်မှု ဖြစ်စဉ်တစ်ခုအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်))

24.9.2013

ပြည်တွင်း၌ ရထားလမ်းပိုင်းများနှင့် ရထားကြံ့ခိုင်မှု အားနည်းခြင်းကြောင့် သြဂုတ်လအတွင်း ဘီးချော်မှု ၂၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရထားရဲတပ်ဖွဲ့မှူးရုံးမှ စက်တင်ဘာ ၂၃ ရက်က သိရသည်။

ယင်းကဲ့သို့ ရထားလမ်းပိုင်းများ၏ ကြံ့ခိုင်မှု လျော့ကျခြင်းနှင့် ရထားများ၏ ကြံ့ခိုင်မှု အားနည်းခြင်းကြောင့် ရထားပြေးဆွဲ သွားလာနေချိန်တွင် ဘီးချော်တိမ်းစောင်းမှု ၂၀၁၃ ခုနှစ် သြဂုတ်လ၌ ၂၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ရထားရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းဇယားများအရ သိရသည်။

''ရထားခရီးစဉ်တွေ ပြေးဆွဲရင်းနဲ့ လစဉ်ရထားဘီးချော် တိမ်းစောင်းမှုတွေ မကြာခဏ ဖြစ်ပွားနေတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေက ရထားသံလမ်း အောက်ခံခင်းထားတဲ့ ကျောက်အမာခံတွေရဲ့ အားနည်းချက်ကြောင့် ဖြစ်တယ်။ ဒါ့အပြင် ရထားရဲ့ တုန်ခါမှုကြောင့် ရထားဘီးရဲ့ ရှော့ဘားတွေ ကွေးလာခြင်းကြောင့် ဒီလိုဖြစ်နေရတာ ဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရထားရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးရဲမှူးကြီး လှမိုးက စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ရထားဖြင့် မတော်တဆ ဖြစ်စဉ်များ လျော့နည်းကျဆင်း ရေးအတွက် ရထားရဲတပ်ဖွဲ့ အနေဖြင့် မြန်မာ့မီးရထား ဌာနနှင့် ပူးပေါင်းပြီး ဖြစ်စဉ်များအား 5-E (Education, Engineering, Emforcement, Medical, Enviroment) စနစ်ဖြင့် တိုင်းတာစစ်ဆေးပြီး အားနည်းချက်များအား ပြုစုပြီး ဖြည့်ဆည်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် သြဂုတ် ၁ ရက်မှ ၃၁ ရက်ထိ ရထားဖြင့် ကား၊ ထော်လာဂျီ၊ ဆိုင်ကယ်၊ စက်ဘီးစသည့် တိုက်မှုဖြစ်စဉ် ငါးမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ သြဂုတ်လအတွင်း ရထားကြိတ်/တိုက်မှုကြောင့် လူခုနစ်ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ရထားရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here