Monday, September 30, 2013

ကျွဲပွဲမြို့တွင် သက်တမ်း ၁၀၀ ကျော်ခန့်ရှိ ရှေးဟောင်းဓမ္မာရုံ စေတီတစ်ဆူ အလိုအလျောက် ပြိုကျပျက်စီးမှု ဖြစ်ပွား

0 comments

                    ပြိုကျထားသည့် ရှေးဟောင်းစေတီအား စက်တင်ဘာ ၂၈ ရက်နေ့က တွေ့ရစဉ်

30.9.2013

အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ ဓမ္မာရုံရပ်ကွက်ရှိ မြို့ထောင့်ဘုန်းကြီးကျောင်း ခြံဝင်းအတွင်း တည်ထား ကိုးကွယ် သည့် ဥာဏ်တော်အမြင့် ပေ ၇၀ ခန့်နှင့် အောက်ခြေအလျား ပေ ၃၀ ခန့်၊ အနံ ၁၅ ပေ ခန့်ရှိ ရှေးဟောင်းစေတီ တစ်ဆူမှာ ထိပ်ဖျားမှ အောက်ခြေအထိ အလိုအလျောက် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

"စေတီကြီး ပြိုကျတော့ ဦးဇင်းက ရန်ကုန်ရောက်နေတာ ဒကာမတွေ ဖုန်းလှမ်းဆက်တော့မှ သိရတာ ပြိုကျတာက ၂၃ ရက်၊ နေ့လယ်ပိုင်း ကတည်းက သူ့အလိုလို ပြိုကျသွားတာ။ အခုရထားတဲ့ စေတီတွေ ဓာတ်တော်မွေတော် ဌာပနာတွေက စေတီရဲ့ ပထမဖောင်းရစ်က တွေ့ရတာ စေတီပြိုကျတာကို အကုန်လုံးဖယ်ရှားရင် ဘုရားဌာပနာတွေ ထပ်ရနိုင်သေးတယ်။ စေတီပျက်ကိုတော့ မရှင်းရသေးပါဘူး။ မနေ့ကတော့ မြို့နယ်တာဝန်ရှိသူ လာကြည့်သွားသေးတယ်" ဟု စက်တင်ဘာ ၂၈ ရက်က မြို့ထောင့်ကျောင်းတိုက် ဆရာတော် သက်တော် ၅၆ နှစ် ၀ါတော် ၃၆ ၀ါရှိ ဦးဝိမလသာရက မိန့်ကြားတော် မူသည်။

စေတီတစ်ဆူလုံး ပြိုကျပျက်စီးသွားသည့် အောင်သုခဓမ္မာရုံ စေတီတော်ကြီးသည် မူလက ငါးပင်ပတ်လည် ဓမ္မာရုံနှင့် တွဲလျက်ရှိနေသော စေတီတော်ဖြစ်ပြီး ၁၂၉၁ ခုနှစ်တွင် ပဲခူးငလျင် လှုပ်ခတ်ပြီးသည့်နောက် ဓမ္မာရုံမှာ ပြိုကျပျက်စီးသွားခဲ့ရာ စေတီတော်ဘက် အခြမ်းသာ ကျန်ရှိခဲ့သည်ဟု သက်တော် ၉၃ နှစ် ၀ါတော် ၇၀ ရှိ ယခင်ကျောင်းတိုက် ဆရာတော် ဣန္ဒ၏ မိန့်ကြားချက်အရ သိရကြောင်း၊ စေတီမှ အုတ်ခဲများ၏ ခုနှစ်မှတ်တမ်းမှာ မြန်မာသက္ကရာဇ် ၁၂၇၃၊ အင်္ဂလိပ် သက္ကရာဇ် ၁၉၁၂ ဟု မှတ်တမ်းများ ပါရှိသဖြင့် နှစ်ပေါင်း ၁၀၁ နှစ်ခန့်က တည်ထားကိုးကွယ်ခဲ့သော ဓမ္မာရုံ စေတီတစ်ဆူ ဖြစ်နိုင်ပြီး ခေတ်အဆက်ဆက် ပြုပြင်ခြင်း မရှိခဲ့ခြင်းကြောင့် အလိုအလျောက် ပြိုကျပျက်စီးခြင်း ဖြစ်ကြောင်း၊ ဘုရားစေတီ ပြန်တည်နိုင်ရန် သြ၀ါဒါစရိယ ဆရာတော်ကြီးများနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း လက်ရှိကျောင်းတိုက် ဆရာတော် ဦးဝိမလသာရက ဆက်လက်မိန့်ကြားတော် မူသည်။

စေတီပြိုကျရာတွင် စက်တင်ဘာ ၂၇ ရက်အထိ တွေ့ရှိထားသော ဘုရားဌာပနာများမှာ ခြောက်လက်မခန့်ရှိ နဂါးရုံ ဘုရားတစ်ဆူ၊ ကြွတော်မူတစ်ဆူ၊ ခြောက်လက်မခန့် ထိုင်ပလ္လင်သုံးခု၊ ငါးလက်မခန့် ထိုင် ပလ္လင်တစ်ခု၊ လေးလက်မခန့် ထိုင်ပလ္လင်တစ်ခု၊ သုံးလက်မခန့် ရှင်ဥပဂုတ္တ ရုပ်ပွားတော် တစ်ဆူ၊ သုံးလက်မခန့် နတ်သားရုပ် ကိုးရုပ်၊ ခုနစ်လက်မခန့် ဘုရားကျောင်းဆောင် သုံးခု၊ သုံးလက်မခန့် ဘုရားကျောင်းဆောင် တစ်ခု၊ ဓာတ်တော် ၂၇၉ လုံး ထည့်ထားသည့် ပုလင်းတစ်လုံး၊ ဓာတ်တော်ကြီး တစ်လုံး၊ ကြေးယပ်တောင် သုံးခုတို့ တွေ့ရှိထားပြီး မြို့ထောင့်ကျောင်းတိုက်အတွင်း အပူဇော်ခံ ထားရှိကြောင်း သိရသည်။

eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here