Tuesday, September 17, 2013

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ရန် ခြောက်လသာ လိုတော့သော်လည်း ဒေါ်လာ ၃၅ သန်း လိုအပ်နေသေးဟုဆို

0 comments
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ခြောက်လခန့်သာ လိုတော့သော်လည်း ပြည်ပအလှူငွေ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၅ သန်း လိုအပ်လျက် ရှိကြောင်း ပြည်သူ့အင်အား ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ် တစ်ခုလုံးအတွက် အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၅ သန်း ကုန်ကျမည်ဟု ခန့်မှန်းထားပြီး အစိုးရ စိုက်ထုတ်ငွေ ဒေါ်လာ ၁၅ သန်း၊ ကုလသမဂ္ဂ ထောက်ပံ့ငွေ ငါးသန်း ရရှိထားသဖြင့် စုစုပေါင်း လိုအပ်ငွေ ၃၈ ဒသမ ၅ သန်း ရှိကြောင်း၊ သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ (AusAID) က သြစတြေးလျ ဒေါ်လာသုံးသန်း လှူဒါန်းထားရာ လတ်တလောတွင် ၃၅ ဒသမ ၅ သန်း လိုအပ်နေသေးကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။

အဆိုပါ ငွေများကို ပြည်ပ အလှူရှင်များထံမှ ရယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဗြိတိန်နိုင်ငံမှ ပေါင်စတာလင် ၁၀ သန်း ထောက်ပံ့ရန် သဘောတူထားသော်လည်း လက်ခံရရှိခြင်း မရှိသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

အဆိုပါ ကုန်ကျငွေများကို သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါဝင်မည့် စာရင်းကောက်၊ စာရင်းစစ်များအတွက် နေ့စားခများ ပေးအပ်ခြင်း၊ လိုအပ်သည့် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ခြင်းနှင့် အခြားအသုံးအဆောင် ပစ္စည်းများ ဝယ်ယူရေးတွင် အသုံးပြုမည် ဖြစ်ကြောင်း ဦးခင်ရီက ထပ်မံရှင်းပြသည်။

“စာရင်းကောက် တစ်ယောက်ကို တစ်နေ့သုံးထောင်၊ စာရင်းစစ်အတွက် လေးထောင်။ စာရင်းကောက် သက်သက် အင်အား တစ်သိန်းရှိတယ်” ဟု ဦးခင်ရီက ဆိုသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့် ဝန်ထမ်းများအတွက် နေ့စားခမှာ နိုင်ငံတကာ စံနှုန်းတွင် ကျပ်ရှစ်ထောင် ဝန်းကျင် အသုံးပြုသော်လည်း မြန်မာနိုင်ငံတွင် ငွေကြေး အခက်အခဲကြောင့် အသုံးစရိတ် လျှော့ချထားခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ တစ် ဆယ့်နှစ်ရက်ကြာ ဝန်ထမ်းအင်အား တစ်သိန်းကျော် အသုံးပြု ကောက်ခံသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here