Tuesday, September 17, 2013

တောင်ကြီးမြို့တွင်း ၀င်ရောက်မှုများလာသည့် ဆယ်ဘီးကားဂယက်

0 comments

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၏လူသွားလူလာများပြားသောနေရာများ၌ကုန်တင်ယာဉ်ကြီးများဝင်ရောက်၍ကုန်တင်ကုန်ချပြုလုပ်မှုများကြောင့်ယာဉ်အန္တရာယ်များစိုးရိမ်လာရသည်ဟု တောင်ကြီးမြို့ခံတို့က ဆိုသည်။

“ဘိလပ်မြေနဲ့သံချောင်းတွေတင်လာတဲ့ပေ၃၀ကျော်ရှည်တဲ့၁၂ဘီးကားကြီးတွေကလမ်းဘေးမှာရပ်ပြီး ကုန်တင် ကုန်ချ ပြုလုပ်နေတာတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်တယ်၊ အများပြည်သူ သွားလာမှုကို အနှောက်အယှက်ဖြစ်တယ်၊ ကျောင်းပို့ /ကျောင်းကြိုချိန်တွေမှာ ယာဉ်သွားလာမှုအတွက် အခက်အခဲဖြစ်တဲ့အပြင်ကလေးတွေအတွက်လည်း အန္တရာယ် တွေရှိနေပါတယ်။”ဟု တောင်ကြီးမြို့မှပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

တောင်ကြီးမြို့၌ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ယာဉ်ရပ်နားဂိတ်များကို ရှမ်းပြည်နယ်အရှေ့ဘက်မှလာသောကုန်တင်ကားများရပ်နားရန်အတွက် တောင်ကြီးမြို့အ၀င် သစ်တောဂိတ် ကားကြီးကွင်း နှင့်ရန်ကုန်၊ မန္တလေးတို့မှ ကုန်တင်ယာဉ်ကြီး များ ရပ်နားရန်ဂိတ်ကို အေးသာယာ၊ ထုံးဖိုကားကွင်းတွင် သတ်မှတ် နေရာချထားပေးသော်လည်း စည်းကမ်းဖောက် ဖျက်ကာ တောင်ကြီးမြို့တွင်း အများပြည်သူ သွားလာ ရာလမ်းများ၌ ကုန်တင်ကုန်ချခြင်းများရှိနေကြောင်း အဝေးပြေးကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်က ဆိုသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ဝေထားသော ယာဉ်မောင်းသူများလက်စွဲစာအုပ် စာမျက်နှာ(၂၄)၊ အပိုဒ်(၉)တွင် ကုန်ပစ္စည်းအတင်အချကိုသတ်မှတ်ခွင့်ပြုထားသည့်နေရာများ၌သာ ပြုလုပ်ရမည်ဖြစ်ပြီး လမ်းပိတ်ဆို့မှု မဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။

အဆိုပါဖြစ်စဉ်များအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ပေးခြင်းခံရသူက အဖွဲ့ခေါင်းဆောင်အဖြစ်နှင့်မြို့နယ်စည်ပင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ယာဉ်ထိန်းရဲ၊ မထသ၊ပို့/ဆက်နှင့် အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဌာနများမှ ပူးပေါင်းအဖွဲ့များဖွဲ့စည်း၍ လွန်ခဲ့သည့် နှစ်လမှစတင်ကာ တစ်လလျှင် သုံးကြိမ် ရုတ်တရက် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသော်လည်း အကြောင်းမျိုးမျိုးကြောင့် ထိရောက်စွာ အရေးယူမှု အားနည်းနေသည့်အတွက် ယနေ့တိုင် ကုန်တင်ကားများ မြို့တွင်း၌ ကုန်တင်ချခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမောင်မောင်ကပြောသည်။

“ပညာပေးကာလမှာ ဂိတ်တွေကို ၀င်စစ်မှာဖြစ်လို့ ကြိုတင် အကြောင်း ကြားစာ ပို့ပါတယ်။ ဒေသတွင်းကားတွေဖြစ်တဲ့ ရှမ်းပြည်နယ် အရှေ့ဘက်ကလာတဲ့ ကုန်တင်ကားတွေက ၉၀ရာခိုင်နှုန်း စည်းကမ်းလိုက်နာပါတယ်။ နယ်ပေါင်းစုံမှလာတဲ့ ရန်ကုန်၊ မန္တလေးဘက်မှ ကုန်တင်ကားတွေက ရန်ကုန်မှာဘဲ ဂိတ်ရှိပြီးတောင်ကြီးမှာ ဂိတ်မရှိတော့တောင်ကြီးမြို့ပေါ်တက်ပြီး တစ်နေရာရာမှာ ရပ်တယ်၊ ကုန်တင်ချခြင်းများကို စည်းကျော်၊ဘောင်ကျော်လုပ်နေပါတယ်။ လမ်းပိတ်ဆို့မှုနဲ့ ပြည်သူ တွေအတွက် အန္တရာယ်များနေပါတယ်''ဟု ဦးမောင်မောင်ကဆိုသည်။

ကုန်သည်များကလည်း ကုန်ပစ္စည်းပို့ခများကိုတွက်ကြည့်ပါက ကုန်ကျငွေ၊ အချိန်၊ ဂိတ်ဝင်ကြေး၊ စရိတ်ကျဉ်း လိုသော ကြောင့် မြို့ပေါ်နီးစပ်ရာနေရာများ၌ ကုန်တင်ပို့ကြခြင်းဖြစ်သည်ဟုဒေသခံ ကုန်သည်တစ်ဦးကဆိုသည်။

“ကုန်ပို့ရင် ကုန်သည်တွေကထပ်ပြီး ငွေပေးဆောင်းရပါတယ်။ဥပမာ မြို့ထဲကိုကုန်ပို့ရင်ပြား ၅၀ ပေးရမယ်ဆိုရင် မြို့ပြင်မှာ ၂ကျပ် ပေးရတဲ့အတွက် ကုန်ကျစရိတ်ပိုများလာတာကြောင့် နီးစပ်ရာကနေ တင်ပို့နေရတာပါ”ဟု ၄င်းကပြောသည်။

စည်းကမ်းဖောက်ဖျက်သည့်ယာဉ်များလိုက်နာရမည့်စည်းကမ်းချက်များကိုဖော်ဆောင်ရမည့်အပိုင်းတွင် ဌာနအတွက် ပံ့ပိုးဝန်ဆောင်မှုပေးခြင်းထက် ပြည်သူလူထုအကျိုးကိုရှေးရှု၍စည်းကမ်းဖောက်ဖျက်မှုမှ ရပ်တန့်စေရန် သက်ဆိုင်ရာ အာဏာပိုင်များမှ ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း ရှမ်းပြည်နယ် ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကားလမ်းရှိရင် ကားသွားလာကြတာပဲပေါ့၊ တစ်ခါတစ်ရံလမ်းကြုံလို့ပစ္စည်းဝယ်တာမျိုးတွေရှိတဲ့ အခါလည်းရှိကြတာပဲ၊ ကျွန်တော်တို့ဌာနက ရသင့်ရထိုက်တဲ့အခွန်အခတွေရဖို့သတ်မှတ်ထားတဲ့ အမျိုးအစားများအလိုက် ညွှန်ကြားချက် အတိုင်း ဆောင်ရွက်နေပါတယ်။ ကလေးတွေစာမေးပွဲ အချိန်အတွင်းမှာ ကုန်တင်ချပြုလုပ်နေတဲ့အတွက် ကျောင်းဆရာမ (၂)ဦးက လာရောက် ပြောကြားတာတွေကိုလည်း ကျွန်တော်တို့က ညှိနှိုင်းပြောဆိုလုပ်ပေးခဲ့ရပါတယ်။ တစ်ဖွဲ့တည်း နဲ့ဆောင်ရွက်လို့ မအောင်မြင်နိုင်ပါဘူး။ ဒီဒေသနဲ့ပတ်သက်ပြီးသက်ဆိုင်ရာဝန်ကြီးဌာနကလည်း ဥပဒေထုတ်ပြန်ထားပေးခြင်းလည်း မရှိပါ ဘူး။”ဟု အဆိုပါတာဝန်ရှိသူကပြောသည်။

အထူးသဖြင့် တောင်ကြီးမြို့အနောက်မြို့ပတ်လမ်း၌ယာဉ်ကြောပိတ်ဆို့မှု ပိုဆိုးလာကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ရာမှာလည်း ဒဏ်ရိုက်ငွေများကို ဌာနတစ်ခုသို့ ပေးသွင်းနေရကြောင်း၊ ပူးပေါင်းအဖွဲ့များမှ ကားနှင့်လှည့်ပတ် ကြပ်မတ်ရာမှာလည်း စက်သုံးဆီသုံးစွဲမှုအတွက်ကုန်ကျမှု အခက်အခဲများရှိနေခြင်းက တစ်ကြောင်း၊ မျက်နှာမလိုက်ဘဲ တိကျစွာအရေးယူရန်အခက်အခဲများရှိသောကြောင့် စည်းကမ်းဖောက်ဖျက်သည့်ယာဉ်မောင်းများက ကြောက်ရွံ့မှုမရှိသည့် အတွက်အောင်မြင်မှု မရှိသေးကြောင်း အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမောင်မောင်က ဆိုသည်။

'' ကြပ်ကြပ်မတ်မတ်နဲ့ စနစ်တစ်မျိုးပြောင်းပြီး အကောင်အထည်ဖော်နိုင်ရင် အချိန်ကုန်ရကျိုးနပ်ပြီး စည်းကျော်၊ ဘောင်ကျော် ကားသမားတွေကို ရပ်တန့်စေနိုင်မှာပါ” ဟု ၄င်းက ပြောသည်။

သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ပြည်သူလူထုအခြေပြုအခက်အခဲများကို ဖြေရှင်းပေးရန်အတွက် စည်းကမ်း ဖောက်ဖျက်မှုနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များနှင့် ဖော်ဆောင်ရမည့် အပိုင်းတွင် ဒေသနှင့်ကိုက်ညီမှု ရှိမရှိ၊ တိုင်းပြည်၏အခွန်ဘဏ္ဍာအတွက် အကျိုးရှိမရှိထည့်သွင်း စဉ်းစားကာအားလုံး တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသည်ဟု တောင်ကြီးမြို့နေပြည်သူများကဆိုသည်။

“မြို့တွင်းမှာပဲ ၀န်ဆောင်မှုအမျိုးမျိုးယူပြီးပြေးဆွဲနေတဲ့ယာဉ်လိုင်းတွေလည်းရှိတော့ မော်တော်ယာဉ် လိုင်းပေါင်းစုံမှာ စည်းကမ်းထိန်းသိမ်းပြေးဆွဲနေကြတဲ့ ယာဉ်မှူးတွေနဲ့ ယာဉ်မောင်းတွေမှာ အကျိုးခံစားမှုမရှိတော့ သလောက် နည်းလာ ပါတယ်''ဟု တောင်ကြီးမြို့မှ အငှားယာဉ်မောင်း ဦးမြထွန်းကပြောသည်။

ထိုကဲ့သို့ အခက်အခဲများနှင့်ကြုံတွေနေရသည့် Taxi ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း တို့၏အခက်အခဲများကို ရှမ်းပြည်နယ် ဥက္ကဌနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ထံသို့ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလက တင်ပြခဲ့ကြောင်း အငှားယာဉ်လိုင်း အတွင်းရေးမှူးကိုယဉ်ကျေးကဆိုသည်။

“တောင်ကြီးမြို့ရဲ့ ပြယုဂ်တစ်ခုက Taxi ဖြစ်ပါတယ်။ ကျွန်တော်တို့ ယာဉ်အစီး၂၀၀ ရှိတဲ့ Taxi ယာဉ်လိုင်းဟာ နိုင်ငံ အခွန်ထမ်းအဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။အခုလိုအပြောင်းအလဲကာလမှာ Black ကားတွေလည်း ရှိလာတယ်။ ယာဉ်အိုယာဉ် ဟောင်းပြောင်းလဲမှုကြောင့် အလားတူဝင်လာတာ တွေရှိလာတယ်၊ သက်ဆိုင်ရာယာဉ်လိုင်း အသီးသီးကလည်း သတ်မှတ် ရပ်နားစခန်းတွေမှာ ရပ်နားခြင်းမရှိတဲ့အတွက် တရားဝင်လုပ်ကိုင်စားသောက်နေတဲ့ မြို့တွင်း Taxi ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်မောင်း တွေဟာ အခက်အခဲများစွာကြုံတွေ့ကျပ်တည်းမှု တွေရှိလာပါတယ်''ဟု အငှားယာဉ်လိုင်း အတွင်းရေးမှူး ကိုယဉ်ကျေးက ပြောသည်။

တောင်ကြီးမြို့ပေါ်မြို့တွင်းအထိ အဝေးပြေးကားများနှင့်ကုန်တင်ယာဉ်ဆယ်ဘီးကားများ ၀င်ရောက်နေသောကြောင့် တရားဝင်လုပ်ငန်းလိုင်စင်ဖြင့်လုပ်ကိုင်နေသည့်ယာဉ်လိုင်များအတွက် သွားလာမှုခက်ခဲခြင်း၊ ယာဉ်ရပ်နားမှု ဂိတ် အခက်အခဲနှင့် စားဝတ်နေရေး ကျပ်တည်းမှုများ ဖြစ်နေသည့်အတွက် အခက်တွေ့နေရသည်ဟု တရားဝင်လိုင်စင်နှင့် လုပ်ကိုင်နေသောမြို့တွင်းTaxiယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်းလုပ်သားတို့ကဆိုသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here