Thursday, September 26, 2013

အမေရိကန် အဆင့်မြင့်အရာရှိအဖွဲ့ မြန်မာလုပ်ငန်းရှင်များနှင့် စီးပွားရေး ပိတ်ဆို့မှုကိစ္စ တွေ့ဆုံဆွေးနွေး

0 comments
ရန်ကုန်၊ စက်တင်ဘာ ၂၅

စီးပွားရေး ပိတ်ဆို့မှုဆိုင်ရာ သုံးသပ် စစ်ဆေးမည့် အမေရိကန်ပြည်ထောင်စု အဆင့်မြင့် ကိုယ်စား လှယ်အဖွဲ့နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ လုပ်ငန်းရှင်များ ယနေ့ (စက်တင်ဘာလ ၂၆ ရက်) တွေ့ဆုံဆွေးနွေး မည် ဖြစ်ကြောင်း အသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးမိုးမြင့်ကျော်က ပြောကြားသည်။

ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Peter Harrell ခေါင်းဆောင်သည့် နိုင်ငံခြားရေးနှင့် ဘဏ္ဍာရေး ပူးတွဲကိုယ်စားလှယ် အဖွဲ့နှင့် UMFCCI မှ တာဝန်ရှိသူများ ယနေ့တွေ့ ဆုံမည် ဖြစ်သော် လည်း ဆွေးနွေးမည့် အကြောင်းအရာ အသေးစိတ် မသိရှိရသေးကြောင်း UMFCCI နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။“သူတို့လာတယ်ဆိုတာပဲ သိရသေးတယ်။ တွေ့ပြီး ရင်တော့ ပြောတဲ့အကြောင်းအရာကို ထုတ်ပြန်ပါ့မယ်” ဟု ဦးမိုးမြင့်ကျော်က ဆိုသည်။

အဆိုပါ အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် အစိုးရ အရာရှိများ၊ အမေရိကမှ လာရောက် ရင်းနှီးမြှုပ်နှံနေသည့် စီးပွားရေး လုပ်ငန်းများ၊ မြန်မာကုမ္ပဏီအချို့ အပါအဝင် လူမှုအဖွဲ့ အစည်းများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ရုပ်သိမ်းပြီးနှင့် ကျန်ရှိ ပိတ်ဆို့ အရေးယူမှုများ၏ အကျိုး ဆက်ကို လေ့လာသွားမည် ဖြစ်ကြောင်း အမေရိကန် အစိုးရ သတင်းများတွင် ဖော်ပြထားသည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှ ပုဂ္ဂလိကဘဏ် လေးခုကို ပိတ်ဆို့ အရေးယူမှု စာရင်းမှ ဖေဖော်ဝါရီလ အတွင်း ပယ်ဖျက်ခဲ့သော်လည်း မြောက်ကိုရီးယားမှ စစ်လက်နက်ပစ္စည်း ဝယ်ယူမှုကြောင့်ဟုဆိုကာ ယခင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို ဇူလိုင်လအတွင်း ပိတ်ဆို့ အရေးယူမှု စာရင်းတွင် ထပ်မံထည့်သွင်းခဲ့သည်။

မြန်မာနိုင်ငံအပေါ် ကျောက်မျက် တင်သွင်းမှု၊ လက်နက် ကုန်သွယ်မှုများမှအပ ကျန်ရင်းနှီးမြှုပ်နှံမှုများကို စည်းမျဉ်း စည်းကမ်းများအတိုင်း ခွင့်ပြုထားသော်လည်း တပ်မတော်အစိုးရနှင့် နီးကပ်သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် အများစုကို အမည်ပျက် စာရင်း၌ ထည့်သွင်း ထားရှိချက်ကိုမူ ပယ်ဖျက်မပေးသေးပေ။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here