Monday, September 30, 2013

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် CPI ကုမ္ပဏီက ကြိုးပမ်းနေပြီး နေပြည်တော်၌ CPI ကုမ္ပဏီရုံးခန်း တည်ဆောက်ရန် စီစဉ်နေဟုဆို

0 comments
                          မြစ်ဆုံစီမံကိန်း လုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
30.9.2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏သမ္မတ သက်တမ်းကာလအတွင်း မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းကြောင်း တရားဝင်ထုတ်ပြန် ကြေညာထားသော်လည်း လက်ရှိကာလ၌ CPI ကုမ္ပဏီ အနေဖြင့် မြစ်ဆုံ စီမံကိန်း အား ပြန်လည် စတင်နိုင်ရေး ကြိုးပမ်းနေပြီး နေပြည်တော်၌လည်း CPI ကုမ္ပဏီ၏ ရုံးခန်း တည်ဆောက်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် ဧရာဝတီမြစ်ဝှမ်းဒေသ ဖွံ့ဖြိုးမှု အဓွန့်ရှည်ရေးဆိုင်ရာ သုတေသနအဖွဲ့ (ARBRO) ၏ ဒုတိယအကြိမ် လူထု အကြံပြု အစည်းအဝေးမှ သိရသည်။

"ခုချိန်အခါမှာ ဧရာဝတီဟာ ဘယ်တုန်းဘယ်ကာလနဲ့မှ မတူအောင် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ကြောင်းက ကျွန်တော်တို့ရဲ့ မြစ်ကြီးကိုက တော်တော်ချူချာနေပြီ။ အဲဒီမှာမှ မြစ်ဆုံမှာ တာဆောက်ဦးမှာ ဆိုတော့ တွေးတွေးပြီး အတော်ရင်လေး ရပါတယ်။ အဆိုးဆုံးကတော့ အဲဒီအလုပ်ကြီးက ပြန်စဖို့ လုပ်နေပြီ။ လုပ်နေတယ်ဆိုတဲ့ သတင်းကလည်း အလွန်ကြားနေရပါတယ်။ ကျွန်တော်တွေးပြီး ပူလာတယ်။ အခုတောင်မှ ဒါကြီးကို ရပ်ပါ့မယ်ပြောတဲ့ သမ္မတက ရုံးထဲမှာ ရှိနေတုန်း ရှိသေးတယ်။ ခုမှ သက်တမ်းက တစ်ဝက်လောက် ရှိသေးတယ်။ ဒါပေမဲ့ တစ်ဖက်က စဖို့လုပ်နေတယ်။ နေပြည်တော်မှာလည်း ရုံးခန်းဆောက်ဖို့ မြန်မာငွေကျပ် သိန်း ၄၀၀၀ ရန်ပုံငွေ ရထားတယ်တဲ့ စီပီအိုင်က" ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏သမ္မတ သက်တမ်းအတွင်း မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာထားခဲ့ရာ ယခုအခါ၌ နှစ်နှစ်ပြည့်ပြီ ဖြစ်သည်။၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေး ခေါင်းဆောင်သည့် အဖွဲ့ဝင်လေးဦးတို့ ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွားရောက်စဉ်ကလည်း တရုတ် CPI ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် CPI ကုမ္ပဏီဘက်မှ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအား ဆက်လက်လုပ်ဆောင် လိုသည်ဟုဆိုကာ အချက်အလက်များ၊ ဓာတ်ပုံများ ပြသကာ ရှင်းလင်းခဲ့ကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်းအတွက် တင်ပြသော EIA အစီရင်ခံစာကို အပြစ်အနာအဆာများပြီး တောင့်တင်းခိုင်မာမှု မရှိသော အစီရင်ခံစာ ဖြစ်သည်ဟု နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ရှစ်ဦး က ဝေဖန်ပြောဆိုခဲ့ကြောင်း၊ အစီရင်ခံစာ ရေးသားခဲ့သော BANCA မှ ဦးဆောင်သူ ပါမောက္ခ ဦးညိုမောင်က ပြောကြားသည်။

"မြစ်ဆုံစီမံကိန်း စတင်တဲ့ အချိန်မှာ တရုတ်ပညာရှင်တွေနဲ့ ကျွန်တော်တို့ မြန်မာပညာရှင် အဖွဲ့တွေက ပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့ အခြေအနေတွေကို လေ့လာပြီးတော့ EIA အစီရင်ခံစာကို ၂၀၁၀ မေလ အတွင်းမှာ စီမံကိန်း လုပ်ဆောင်နေတဲ့ ကုမ္ပဏီကို သီးခြား report တစ်စောင်စီ တင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာက ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး အခုဝေဖန်ထားတဲ့ အချက်တွေကို ကြည့်ရတာ ကျွန်တော်တို့ အစီရင်ခံစာထဲက အကြောင်းအရာတွေ မဟုတ်ဘူး။ ပြီးတော့ စီမံကိန်း လုပ်ဆောင်တဲ့ ကုမ္ပဏီက ကျွန်တော်တို့ အစီရင်ခံစာကို နိုင်ငံတကာကို ချမပြဘူးလို့ ယူဆလို့ ရပါတယ်" ဟု ဦးညိုမောင်က ပြောကြားသည်။

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် တရုတ်ကုမ္ပဏီက ကြိုးပမ်းနေမှုများနှင့် ပတ်သက်ပြီး မြစ်ဆုံစီမံကိန်းအား တရုတ်ကုမ္ပဏီ မဟုတ်ဘဲ အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားစသည့် မည့်သည့်နိုင်ငံမှမဆို ဆည်တည်ဆောက်ရန် ကြိုးပမ်းပါက မြန်မာပြည်သူ လူထုအနေဖြင့် လက်ခံလိမ့်မည် မဟုတ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဒေ၀ီသန့်စင်က ပြောကြားသည်။

"ဧရာဝတီကို ပြန်ပြီးတော့လုပ်ဖို့ တာစူနေပါပြီ။ အဲဒီတော့ ကြားရတဲ့ ကိစ္စတွေဟာ ကျွန်မတို့ ဧရာဝတီအတွက် စိတ်လုံးလုံး မချနိုင်သေးပါဘူး။ ဧရာဝတီနဲ့ ပတ်သက်ပြီး ရာခိုင်နှိုင်း ၆၀ အစိုးရကို ပေးပြီးသား သွင်းပြီးသားပါလို့ စီပီအိုင် ဥက္ကဋ္ဌက မီဒီယာတွေကနေပြီးတော့ ပြောခဲ့ပြီ။ မီဒီယာတွေကနေပဲ အစိုးရနဲ့ တွဲပြီးလုပ်နေတဲ့ တရုတ်ပညာရှင် အဖွဲ့ကလည်း အင်မတန်မှ ကြီးမားသော ဟိုက်ဒရိုပါဝါ စီမံကိန်းတွေကို မြန်မာပြည်မှာ လက်မခံသင့်ပါဘူးလို့ ပညာရှင် ရှုထောင့်ကနေပြီးတော့ မှန်မှန်ကန်ကန် ကျွန်မတို့ ပြည်သူတွေကို ပြောခဲ့ပါတယ်။ GEI အဖွဲ့ကပါ။ ဘာပဲပြောပြော ဧရာဝတီနဲ့ ပတ်သက်ရင် ကျွန်မတို့က ဆက်ပြီးတော့ အလုပ်တွေ လုပ်ဖို့ရှိပါတယ်။ တရုတ်အစိုးရမို့လို့ ကျွန်မတို့ ဧရာဝတီကို တားဆီးနေတာ မဟုတ်ပါဘူး။ အခု လက်ဝဲရော လက်ယာရော နိုင်ငံတွေအားလုံး ကျွန်မတို့ မြန်မာပြည်နဲ့ မဟာမိတ် စီးပွားရေး လုပ်နေပါပြီ။ အဲဒီတော့ အမေရိကန်တို့ ဂျပန်တို့ ကိုရီးယားတို့ ဧရာဝတီမြစ်ဆုံကို ဆောက်မယ်ဆိုရင်လည်း ကျွန်မတို့ ပြည်သူလူထု ကတော့ လက်ခံနိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ဒါတွေဟာ အမျိုးသားရေး တာဝန်လို့ ကျွန်မခံယူပါတယ်" ဟုလည်း ဒေါ်ဒေ၀ီသန့်စင်က ပြောကြားခဲ့သည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here