Thursday, September 26, 2013

နမ့်ဖက်ကာ ကျေးရွာအုပ်စု ရဲစခန်းကို ၀င်တိုက်ရာမှ အစိုးရတပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဆက်ဖြစ်

0 comments
                       (ရှမ်းပြည်နယ်မြောက်ပိုင်း TNLA ထိန်းချုပ်နယ်မြေရှိ တပ်စခန်းများပြမြေပုံ)

26.9.2013

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ကျေးရွာအုပ်စုရှိ ရဲစခန်းကို ၀င်တိုက်ရာမှ အစိုးရတပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား စက်တင်ဘာ ၂၄ ရက်က တိုက်ပွဲဆက် ဖြစ်ခဲ့ကြောင်း TNLA ၏ အထွေထွေ အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်က စက်တင်ဘာ ၂၅ ရက်တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။

နမ့်ဖတ်ကာ ကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သော တိုက်ပွဲသည် မူးယစ်ဆေးဝါး ရောင်းချသူများကို TNLA တပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာမှ နမ့်ဖက်ကာ ကျေးရွာအုပ်စု ရဲစခန်းကို ၀င်တိုက်ရ သည် အထိ ဖြစ်ခဲ့ရကြောင်း ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုသည်။

''စက်တင်ဘာလထဲ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ ကျွန်တော်တို့ဘက်က စပြီးတိုက်ခိုက်တာ မရှိပါဘူး။ ဒါပေမဲ့ စက်တင်ဘာ ၂၄ ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာတော့ ရဲစခန်းကို ၀င်တိုက်ခဲ့တာပါ။ ကျွန်တော်တို့ နယ်မြေထဲက ကျေးရွာတွေကို မူးယစ်ဆေးဝါး လာရောင်းသူတွေထဲမှာ အဲဒီရဲစခန်းက လူတွေ၊ အမျိုးသမီးတွေ ပါတယ်။ အဲဒီလူတွေကို လိုက်ဖမ်းရင်းနဲ့ ရဲစခန်းကို ၀င်တိုက်ခဲ့တာပါ'' ဟု ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောကြားသည်။

နန့်ဖက်ကာ ရဲစခန်းကို TNLA တပ်ရင်း (၁၁၂) တပ်ခွဲက ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တာဝန်ကျရဲများ ထွက်ပြေးသွားသဖြင့် ရဲစခန်း အနီးတွင်ရှိသော ခလရ (၁၂၃) အစိုးရတပ်ဖွဲ့နှင့် မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလအတွင်း အစိုးရနှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားမှု ခုနစ်ကြိမ်ခန့် ရှိခဲ့သည်။ အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် TNLA ကိုယ်စားလှယ် အဖွဲ့တို့ ဇူလိုင် ၃၁ ရက်က တွေ့ဆုံခဲ့ပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုမှာ ၁၁ ကြိမ်နှင့်အထက် ရှိခဲ့ကြောင်း သိရသည်။

''တိုက်ပွဲအများစုက အစိုးရတပ်တွေ ကျွန်တော်တို့ တောထဲကို ၀င်လာတဲ့အတွက် ဖြစ်ရတာပါ။ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် အစိုးရကို စနစ်တကျ ဆက်သွယ်ပြီး လှမ်းပြောတာမျိုးတော့ မရှိပါဘူး။ အစိုးရဘက်က ဦးအိုက်မုန်းတို့လို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို လွှတ်ပြီး ပြည်သူ့စစ်တွေကို မတိုက်ခိုက်ဖို့၊ ပြည်သူ့စစ် စခန်းတွေကို တိုက်ပြီး သိမ်းထားတဲ့ လက်နက်တွေကို ပြန်ပေးဖို့ အဲဒါဟာတွေကို လာရောက် ညှိနှိုင်းတာတော့ ရှိပါတယ်'' ဟု ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုသည်။

''မူးယစ်ဆေးဝါး ပျံ့နှံ့မှုက ဒီမှာတော်တော် စိုးရိမ်နေရပြီ။ ဘိန်းစိုက်ပြီး မူးယစ်ဆေးဝါး ဖြန့်နေတဲ့ သူတွေထဲမှာ ပြည်သူ့စစ်တွေက အဓိကပဲ။ မူးယစ်ဆေးဝါး နှိမ်နင်းမှု လုပ်တဲ့အခါ သူတို့နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲတွေ ဖြစ်ရတယ်'' ဟု ဒုတိယဗိုလ်မှူးကြီး တာဖုန်းကျော်က ပြောကြားသည်။

TNLA ထိန်းချုပ်နယ်မြေနှင့် ဆက်စပ်သော ဒေသများတွင် ရှိနေသည့် ပြည်သူ့စစ် အဖွဲ့များမှာ ကွတ်ခိုင်ဒေသတွင် လှုပ်ရှားနေသော ဦးတီခွန်မြတ် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ၏ အထူးပြည်သူ့ စစ်အဖွဲ့၊ နန်ခမ်းဒေသတွင် လှုပ်ရှားနေသော ဦးကျော်မြင့် (ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်) ၏ ပန်ဆေးပြည်သူ့ စစ်အဖွဲ့တို့ ဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုသည်။

ကွတ်ခိုင်ဒေသ အပါအ၀င် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် ပြည်သူ့စစ်များက မူးယစ်ဆေးဝါး ထုတ် လုပ်ရောင်းချ ဖြန့်ဖြူးနေသည် ဆိုသော TNLA ၏ ပြောဆိုမှုအတွက် ကွတ် ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်ကို ဆက်သွယ်ခဲ့ရာ ၎င်း၏လက်ကိုင်ဖုန်းသည် 'အ၀င် ခေါ်ဆိုမှု ပိတ်ထားကြောင်း' အလိုအလျောက် စနစ်ဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

ထိုကိစ္စရပ်နှင့် ပတ်သက်၍ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှု မရရှိခဲ့ပေ။ သို့သော် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းထွန်းက ကွတ်ခိုင်မြို့နယ် အတွင်းရှိ နန့်ဖက်ကာ ကျေးရွာအုပ်စု ရဲစခန်း တိုက်ခိုက်ခံရမှုသတင်း မ မှန်ကြောင်းနှင့် ကောလာ ဟလများသာ ဖြစ်ကြောင်း The Daily Eleven သို့ ဖြေကြားခဲ့သည်။

စက်တင်ဘာ ၁၆ ရက်နှင့် ၂၁ ရက် အထိ ကာလများတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ဆန်နှင့် လဲချားဒေများတွင် အစိုးရတပ်နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ပြီး အစိုးရတပ်များမှာ လာရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း RCSS/SSA မှ ဒုတိယဗိုလ်မှူးကြီး စိုင်းမိန်းက ပြောကြားသည်။

Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here