23.9.2013
ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော်နဲ့ တွေ့ဆုံတဲ့အခါ အချက် နှစ်ချက်ကို ဆွေးနွေးသွားမယ်လို့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA အဖွဲ့က ပြောပါတယ်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ဟာ ဒီကနေ့မှာ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ရဲ့ ပန်ဆန်းဌာနချူပ်ကို သွားရောက်ပြီး ၀ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
UWSA ၀ တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က သန်းခေါင်စာရင်းကိစ္စအပြင် ဒေသဖွံ့ဖြိုးရေး ကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်တယ်လို့ ပြောပြပါတယ်။
ဟုတ်တယ် ဦးသိန်းဇော် လာမယ်၊ ဘယ်သူတွေပါမယ်ဆိုတာ မသိဘူး၊ လာမယ်ဆိုတာ နှစ်ခုရှိတယ် တစ်ခုက သန်းခေါင်းစာရင်း ကောက်ဖို့ ကိစ္စ လာရှင်းပြ လာဆွေးနွေးမှာ ဖြစ်တယ်လေ၊ နောက်တခုက ပြည်မက လုပ်အား ပြည်မက ဒီ အလုပ်လက်မဲ့ လုပ်အား ၀ ဒေသမှာ လာပြီးတော့ အလုပ်လုပ်ဖို့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကူညီလုပ်ဖို့ ကိစ္စ။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ကျိုင်းတုံ တြိဂံတိုင်း စစ်ဌာနချူပ်မှာ ဒီကိစ္စတွေကို နှစ်ဖက် ထပ်မံဆွေးနွေးဖို့ သဘောတူထားချက်အတိုင်း ဦးသိန်းဇော် ခေါင်းဆောင်တဲ့ အဖွဲ့ လာရောက်ကြတာ ဖြစ်တယ်လို့လည်း ဦးအောင်မြင့် က ဆက်ပြောပါတယ်။
UWSA ၀ တပ်ဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ ၂ ဆိုပြီး ကိုယ်ပိုင်အုပ်ချူပ်ရေးအသွင်နဲ့ နယ်မြေဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အစိုးရကသတ်မှတ်ပေးထားတဲ့အဖွဲ့ ဖြစ်တဲ့အကြောင်း အေဘီစီ ရေဒီယိုသြစတြေးလျ သတင်းထောက် သန်းကျော်စိုးက သတင်းပေးပို့ခဲ့ပါတယ်။
ABC Radio Australia