Sunday, October 20, 2013

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့နှင့် AAPP တို့ ပူးပေါင်းပြီး သက်ကြီး နိုင်ငံရေး အကျဉ်းသားဟောင်းများ ဂါရ၀ပြုပွဲ ပြုလုပ်

0 comments

Sunday, October 20, 2013

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့နှင့် AAPP တို့ ပူးပေါင်းပြီး အသက် ၇၅ နှစ်နှင့်အထက် သက်ကြီးနိုင်ငံရေး အကျဉ်းသားဟောင်း၂၅ ဦးအား ဂါရ၀ပြုပွဲကို အောက်တိုဘာ ၁၉ ရက် နံနက် ၉ နာရီမှ ၁၁ နာရီ အထိ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သည်။

ဂါရ၀ပြုပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ဒေါ်မေမေသန်းက နိုင်ငံရေး အကျဉ်းသားဟောင်းများ အနေနှင့် သက်ကြီးနိုင်ငံရေး အကျဉ်းသားဟောင်းများအား ၂၀၁၁ ခုနှစ်မှ စတင်ကာ ဂါရ၀ပြုပွဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဂါရ၀ပြုပွဲများ ကျင်းပခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး ပိုမိုရိုင်းပင်း ကူညီနိုင်ရန်၊ နိုင်ငံရေး အကျဉ်းသားများ၏ အခန်းကဏ္ဍကို ပြည်သူများ ပိုမိုသိရှိစေရန်၊ လူမျိုး၊ ဘာသာ၊ နိုင်ငံရေး ရပ်တည်မှုများ ကွဲပြားနိုင်သော်လည်း နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ရပ်တည်မှုအဖြစ် တစ်သားတည်းရှိကြောင်း ပြသနိုင်ရန်တို့ ဖြစ်သည်ဟု ရှင်းလင်းခဲ့သည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးသားကြီးက ၂၀၁၀ ပြည့်နှစ် မတိုင်မီက နိုင်ငံရေး အကျဉ်းသားဟောင်းများအဖြစ် တစုတစည်းတည်း ရှိခဲ့ခြင်း မဟုတ်ဘဲ ၂၀၁၀ ဧပြီ ၁၂ ရက်မှ စတင်ကာ နိုင်ငံရေး အကျဉ်းသားဟောင်းများ လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုးသည့် လှုပ်ရှားမှုတစ်ခုကို ဆောင်ရွက်ခဲ့သည်ဟု ပြောကြားသည်။ ထိုဆောင်ရွက်မှုမှ စတင်ကာ နိုင်ငံရေး အကျဉ်းသားဟောင်းများ တစုတစည်းတည်း ဖြစ်လာခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၂ ရက်မှ စတင်ကာ ရည်ရွယ်ချက် လေးရပ်ဖြင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့အား ဖွဲ့စည်းခဲ့သည် ဟု ပြောကြားသည်။ ၂၀၁၂ ခုနှစ် သြဂုတ် ၁၃ ရက်တွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ လုပ်ငန်းကော်မတီကို ပြန်လည် တိုးချဲ့ကာ ၄၅ ဦးပါဝင်သည့် လုပ်ငန်းကော်မတီကို ဖွဲ့နိုင်ခဲ့ပြီး ထိုကော်မတီက ဦးဆောင်ကာ နိုင်ငံရေး အကျဉ်းသားများနှင့် မိသားစုများအား ထောက်ပံ့ခြင်းနှင့် အခြေခံဥပဒေနှင့် သက်ဆိုင်သည့် အလုပ်ရုံ ဆွေးနွေးပွဲများ၊ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီတွင်လည်း ပါဝင်ဆောင်ရွက်နေကြောင်း ပြောကြားသည်။

ထို့နောက် AAPP ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဘိုကြည်ကလည်း AAPP ဖြစ်ပေါ်လာပုံနှင့် လုပ်ငန်းစဉ်များ အကြောင်းကို ရှင်းလင်းခဲ့သည်။ ထို့နောက် ကန်တော့ခံ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဦးနိုင်ငွေသိမ်းက "နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေရင် အဲဒီနိုင်ငံကို ဘယ်လိုမှ ဒီမိုကရေစီ တိုင်းပြည်လို့ ပြောလို့မရနိုင်ဘူး။ ကျွန်တော်တို့ နိုင်ငံရေး စလုပ်တုန်းက ငြိမ်းချမ်းတဲ့ နည်းနဲ့ပဲ တောင်းဆို ခဲ့တာပါ။ ဒါပေမဲ့ အုပ်ချုပ်တဲ့ အစိုးရက မတရားသဖြင့် ဖမ်းဆီး ထောင်ချ ခဲ့တာ ဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီနဲ့ အုပ်ချုပ်ရင် တရားဥပဒေအရ အုပ်ချုပ်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားဆိုတာ ရှိမှာမဟုတ်ဘူး"ဟု ပြောကြားသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here