Sunday, October 13, 2013

ကမ္ဘာကျော် ပိုက်ဆံအိတ်များ မြန်မာနိုင်ငံတွင် ထုတ်လုပ်မည်

0 comments
13.10.2013

Coach၊ Gucci၊ DKNY အစရှိသော ကမ္ဘာကျော် အမှတ်တံဆိပ် တန်ဖိုးကြီး ပိုက်ဆံအိတ်များကို မြန်မာနိုင်ငံအတွင်း CMP စနစ်ဖြင့် ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့သွားမည် ဖြစ်ကြောင်း အဆိုပါ အိတ်များကို တာဝန်ယူ ထုတ်လုပ်မည့် MGS ကုမ္ပဏီမှ တာဝန်ရှိသူ ဦးသန့်ဇင်ထွန်းက ပြောကြားသည်။
“Coach၊ Gucci၊ DKNY တို့ကို ဒီမှာပဲချုပ်မှာ။ ကမ္ဘာကျော် Brand တွေပေါ့။ ထုတ်ရင်တော့ ပိုက်ဆံအိတ် တစ်ခုတည်းပဲ ထုတ်မှာ။ ဒီမှာထုတ်ပြီးတော့ Export လုပ်မယ်။ Only Exportပေါ့။ CMP စနစ်နဲ့ ထုတ်မယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ CMP စနစ်ဖြင့် ပိုက်ဆံအိတ် ချုပ်လုပ်မည့် စက်ရုံကို ကိုရီးယား အခြေစိုက် Hana ကုမ္ပဏီနှင့် ၅၀ ရာခိုင်နှုန်းစီ အကျိုးတူ ရင်းနှီးမြှုပ်နှံ၍ ပဲခူးစက်မှုဇုန်အတွင်း တည်ဆောက်သွားမည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၂ သန်းခန့် ကုန်ကျမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကိုရီးယား ကုမ္ပဏီတစ်ခုနဲ့ CMP စနစ်နဲ့ ပေါင်းလုပ်မှာ။ လောလောဆယ် သူတို့က ဗီယက်နမ်တို့၊ တရုတ်တို့မှာ ချုပ်နေတယ်။ ထုတ်လုပ်မှု ပမာဏက တစ်နှစ်ကို ပိုက်ဆံအိတ် အရေအတွက် ၁၃ သန်း၊ ၁၄ သန်းလောက် ထုတ်မယ်။ ၂၀၁၄ မှာ စမယ်” ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ လုပ်ငန်း လုပ်ကိုင်ရန် တင်ပြထားပြီး ခွင့်ပြုမိန့်ကျရန် တစ်ဆင့်ကျန်နေသေးကာ ခွင့်ပြုမိန့် ရရှိရန် နီးစပ်နေပြီ ဖြစ်ကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရှိရသည်။

ထို့အပြင် ပြည်တွင်းရှိ MK၊ ထိုင်းနိုင်ငံမှ Thai Wacoal ကုမ္ပဏီ၊ Pattaya Manufacturing နှင့် ဂျပန်မှ Wacoal Corp တို့ ပူးပေါင်း၍ လှိုင်သာယာ စက်မှုဇုန်တွင် ကမ္ဘာကျော် အမျိုးသမီး အတွင်းခံ အမှတ်တံဆိပ် တစ်ခုဖြစ်သော Wacoal အမှတ်တံဆိပ် ထုတ်ကုန်များကို ထုတ်လုပ်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ယခုနှစ်ဆန်းပိုင်းက ခွင့်ပြုခဲ့သည်။



The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here