Sunday, October 13, 2013

လေကြောင်းရန် ကာကွယ်ရေး လက်နက်များ

0 comments


အိန္ဒိယ ကြည်းတပ်၏ နျူကလီးယား ထိပ်ဖူးတပ်ဆင် ပစ်ခတ်နိုင်သော Prithvi-II တာဝေးပစ်ဒုံး စမ်းသပ် ပစ်ခတ်မှုမှာ အောင်မြင်ခဲ့ပြီး ၎င်းအား Chandipur off Orissa ကမ်းရိုးတန်းတွင် ကြည်းတပ်မှ စမ်းသပ် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ကီလိုမီတာ ၃၅ဝ ကျော် အကွာအဝေး အထိ ရောက်ရှိခဲ့သည်။

အဆိုပါ ပြည်တွင်းဖြစ် မြေပြင်မှ မြေပြင်ပစ် ဒုံးအား ယာဉ်တင် ဒုံးပစ်စင် တစ်ခုပေါ်မှ တင်၍ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ Prithvi သည် အိန္ဒိယ နိုင်ငံ၏ ပဲ့ထိန်းဒုံး လက်နက်များ (IGMDP) ထုတ်လုပ်ရေး အစီအစဉ်မှ ဂုဏ်ယူဝင့်ကြွားဖွယ် ပေါ်ထွက်လာသည့် ပထမဆုံးသော တာဝေးပစ် ဒုံးလက်နက် တစ်ခုဖြစ်သည်။ အိန္ဒိယ တို့သည် Shourya မြေပြင်မှ မြေပြင်ပစ် တာတိုပစ် ဒုံးကိုလည်း Orissa ကမ်းရိုးတန်း ဒေသတွင် စမ်းသပ် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၎င်းသည် ကီလိုမီတာ ၆ဝဝ အကွာ အဝေးအထိ ပစ်ခတ်နိုင်သော အသံထက် မြန်သည့် ဒုံးလက်နက် အမျိုးအစား တစ်ခုဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒုံးလက်နက် များမှာ အိန္ဒိယ ကာကွယ်ရေး သုတေသန တီထွင်ရေး သိပ္ပံ (DRDO) အဖွဲ့၏ နည်းပညာပိုင်း ဆိုင်ရာ တိုးတက်လာမှု ပြယုဂ် တစ်ခုလည်း ဖြစ်သည်။

အိန္ဒိယတို့သည် ၂ဝဝဝ ကီလိုမီတာ အကွာအဝေး အထိ ပစ်ခတ်နိုင်သော Agni-II တာဝေးပစ် ဒုံးကိုလည်း ၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ၎င်းသည် နျူကလီးယားတပ် ထိပ်ဖူးအား သယ်ဆောင်နိုင်ပြီး အလေးချိန် ၁ဝဝဝ ကီလိုဂရမ် ရှိသည်။ Agni-II ဒုံးအား ၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁ဝ ပြည့်နှစ်များတွင် စမ်းသပ် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာတွင် မအောင်မြင်ခဲ့ဘဲ ၃ ကြိမ်မြောက် စမ်းသပ်မှသာ အောင်မြင် ခဲ့ခြင်း ဖြစ်ပြီး စစ်ဘက် သိပ္ပံပညာရှင် များနှင့် လက်နက်ကိုင် တပ်ဖွဲ့များ အတွက်လည်း စိတ်ဓါတ်ပိုင်း ဆိုင်ရာ တွန်းအား ဖြစ်စေခဲ့သည်။ ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ ကြားကာလတွင်လည်း အိန္ဒိယတို့သည် Agni-V မဟာဗျူဟာမြောက် တာဝေးပစ် ဒုံးကိုလည်း စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ကီလိုမီတာ ၅ဝဝဝ အကွာအဝေးအထိ ပစ်ခတ်နိုင်သော Agni-V သည် တိုက်ချင်းပစ် ဒုံးလက်နက် တစ်ခုနီးပါး စွမ်းဆောင်နိုင်စွမ်း ရှိပါသည်။ အိန္ဒိယ ကြည်းတပ်သည် အသံထက် မြန်ပြီး အကွာအဝေး ကီလိုမီတာ ၃ဝဝ အထိ တိုက်ခိုက်နိုင်သော BrahMos Supersonic ခရုစ်ဒုံးနည်း ဗျူဟာအသစ် တစ်ခုကိုလည်း ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ အိန္ဒိယ အစိုးရသည် Arunachal Pradesh ပြည်နယ်အတွင်း ကီလိုမီတာ ၄ဝ၅၇ အကွာအဝေး အထိ ထိစပ်နေသော နယ်စပ်ဒေသ တစ်လျှောက်တွင် တရုတ် နိုင်ငံအား တန်ပြန်ရန် အတွက် BrahMos ဒုံးများကို တပ်ဖြန့် ထားခဲ့ခြင်း ဖြစ်သည်။ ပါကစ္စတန်နှင့် ထိစပ်လျှက် ရှိသော အနောက်ဘက် နယ်စပ်တွင်လည်း ၎င်းဒုံးများကို တပ်ဖြန့်ထားကြောင်း သိရသည်။

၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပါကစ္စတန် နိုင်ငံသည် နျူကလီးယား ကျည်ထိပ်ဖူး သယ်ဆောင်နိုင်သော ကိုယ်ပျောက် နည်းပညာသုံး ခရုစ် ပဲ့ထိန်းဒုံးကို အောင်မြင်စွာ စမ်းသပ် ပစ်ခတ်နိုင်ခဲ့သည်။ Hatf VII ဟု အမည် ပေးထားသည့် ယင်းဒုံးသည် အကွာအဝေး ကီလိုမီတာ ၇ဝဝ အထိ ပစ်ခတ်နိုင်ပြီး ရေဒါဖြင့် ဖမ်းယူမှုအား ရှောင်လွှဲနိုင် ကြောင်း သိရသည်။ ၎င်းအား ဒုံးပစ်ပြွန် ၃ ခုတပ် MLV ဒုံးလက်နက် တင်ယာဉ်မှ တပ်ဆင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ စင်္ကာပူ တပ်မတော်၏ ပထမဆုံးသော HIMARS အမြောက်တပ်ခွဲများ လက်ရှိ အချိန်တွင် တာဝန်ထမ်းဆောင် နေပြီဖြစ်ပြီး ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့တွင် Khatib Camp တွင် တရားဝင် ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ သည်။ ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောကြားချက် အရ HIMARS အမြောက်စနစ် များကြောင့် စင်္ကာပူ တပ်မတော် အနေဖြင့် စိန်ခေါ်မှု အသစ်များကို ရင်ဆိုင် ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ စင်္ကာပူ တပ်မတော်သည် HIMARS အမြောက်စနစ်အား ၂ဝ၁ဝ ပြည့်နှစ် ဇူလိုင်လတွင် Oklahoma မြို့ရှိ Fort Sill စစ်ရေး လေ့ကျင့်ကွင်းတွင် စမ်းသပ် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ HIMARS အမြောက်စနစ်၏ တိကျစွာ ပစ်ခတ်နိုင်စွမ်း၊ လျင်မြန်စွာ လှုပ်ရှား နိုင်စွမ်းနှင့် ခေတ်မီ ကွန်ယက် ဆက်သွယ်ရေး စနစ်များကြောင့် အမြောက်တပ်ဖွဲ့ များ၏ စွမ်းဆောင်ရည်အား မြင့်မား လာစေမည် ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယား နိုင်ငံသည် မြောက်ကိုရီးယား တို့၏ တာဝေးပစ် ဒုံးများကို တန်ပြန်နိုင်ရန် အတွက် Patriot ဒုံးများကို ၎င်းတို့၏ ကိုယ်ပိုင်ပုံစံဖြင့် အဆင့်မြှင့်တင် တည်ဆောက်လျက် ရှိသည်။ နိုင်ငံပိုင် DATQ ကာကွယ်ရေး အေဂျင်စီ၏ ပြောကြားချက် အရ အဆိုပါ ဒုံးများ အဆင့်မြှင့်တင်မှုမှာ ၂ဝ၁၁ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း ၎င်းသည် တာဝေးပစ် မြေပြင်မှ ဝေဟင်ပစ် အမျိုးအစားဖြစ်ပြီး မြောက်ကိုရီးယား တို့၏ ဒုံးများကို ကြားဖြတ် တိုက်ခိုက်နိုင်ကြောင်း သိရသည်။ တောင်ကိုရီးယား တို့သည် ဒုံးလက်နက်သစ်များ တီထွင်ရေး အတွက် လေ့လာမှုများ ကိုလည်း ၂ဝ၁၃ ခုနှစ်အတွင်း ထပ်မံပြုလုပ် သွားမည် ဖြစ်သည်။ ၎င်းတို့ အနေဖြင့် အမေရိကန် ဒေါ်လာ ၈၁၃သန်းခန့် သုံးစွဲ၍ ဒုံးလက်နက် ၁ဝ ခု ကို တီထွင်သွားမည် ဖြစ်သည်။ တောင်ကိုရီးယား တပ်မတော်တွင် လက်ရှိ အသုံးပြုနေသော အမေရိကန်လုပ် PAC-3 (Patriot advanced capability-3) ဒုံးထက် ၂ ဆ၊ PAC-2 ဒုံးနှင့် Iron Hawk-II မြေပြင်မှ ဝေဟင်ဒုံး များထက် ၄ ဆကျော်ဖြစ်သည့် အကွာအဝေး ၆ဝ ကီလိုမီတာကျော် အထိ ပစ်ခတ်နိုင်သော L-S AM ဒုံးလက်နက် အသစ်ကို တီထွင်လျက် ရှိကြောင်း သိရသည်။ L-S AM ဒုံးစနစ်အား တီထွင်ရန် အတွက် ၂ဝဝ၉ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ၎င်းအတွက် ကုန်ကျစရိတ်အား ၂ဝ၁ဝ ပြည့်နှစ် အေပြီလတွင် သတ်မှတ် ပေးခဲ့သည်။ ၎င်းတို့အား တောင်ကိုရီးယား နိုင်ငံ၏ အလယ်ပိုင်းနှင့် တောင်ပိုင်း ဒေသများရှိ အဓိက စက်ရုံကြီးများနှင့် စစ်ဘက် အခြေစိုက် စခန်းများကို ကာကွယ်ရန် အတွက် ဖြန့်ကြက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုင်ဝမ်နိုင်ငံသည် တရုတ်နိုင်ငံ၏ အရှေ့တောင်ဘက် ကမ်းရိုးတန်း ဒေသရှိ စစ်ဘက် အခြေစိုက် စခန်းများအား တိကျစွာ တိုက်ခိုက်နိုင်မည့် တာဝေးပစ် ပဲ့ထိန်းဒုံး တစ်ခုကို တီထွင်ရန် စီစဉ်လျက် ရှိသည်။ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီး ဌာနသည် ဒုံးကိုယ်ထည်အား ဒီဇိုင်း ရေးဆွဲခြင်းနှင့် လုံခြုံရေးစနစ်များ ထုတ်လုပ်ခြင်းတို့ အပါအဝင် တီထွင်မှု လုပ်ငန်း များအတွက် အမေရိကန် ဒေါ်လာ ၁.ဝ၄သန်း သုံးစွဲရန် လျာထားကြောင်း သိရသည်။ အသေးစိတ် အချက်အလက်များကိုမူ မသိရှိရပေ။ထို့အပြင် ၄င်းတို့၏ လေကြောင်းရန် ကာကွယ်ရေး စွမ်းရည်အား တိုးတက်စေရန် အတွက် အမေရိကန် ဒေါ်လာ ၉၂၁ သန်း တန်ဖိုးရှိ PAC-3 ဒုံးများကိုလည်း မှာယူထားကြောင်း သိရသည်။Lockheed Martin ကုမ္ပဏီကလည်း ထိုင်ဝမ်နိုင်ငံအား PAC-3 ဒုံးများ ရောင်းချပေးရန် ကန်ထရိုက် စာချုပ် ချုပ်ဆိုထားကြောင်း သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် အတည်ပြု ပြောကြားခဲ့သည်။ ယင်းကန်ထရိုက် စာချုပ်ပါ အချက်များ အရ PAC-3 ဒုံးများအပြင်၊ ဒုံးပစ်လောင်ချာများ၊ ပြင်ဆင်ရေး ကိရိယာများနှင့် အပိုပစ္စည်းများ ပါဝင်ပြီး လာမည့် ပထမနှစ်ဝက် ကာလတွင် စတင် ထုတ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။အဆိုပါ ဒုံးများအား ၁၇ လတာ ကာလအတွင်း အပြီးသတ် ထုတ်ပေး သွားမည်ဖြစ်ပြီး ၄င်းမှာ ထိုင်ဝမ်တို့ အနေဖြင့် တတိယ အကြိမ်မြောက် PAC-3 ဒုံးများ ဝယ်ယူမှုလည်းဖြစ်သည်။


မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here