Monday, October 21, 2013

အကာကွယ်မဲ့နေတဲ့ မြိုင်ကလေး အမှတ် (၂) တန် ၄၀၀၀ ဘိလပ်မြေစက်ရုံက အလုပ်သမားများ အခြေအနေ

0 comments


(တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ (M.E.C) အမှတ် (၂) တန် ၄၀၀၀ ဘိလပ်မြေစက်ရုံ၊ မြိုင်ကလေး)

  “လူတယောင်လုံး သေနေတာတောင်မှပဲ လူသေမှုအနေနဲ့ ဘယ်ရဲမှလာမစစ်ဆေးဘူး။ ကြက်ကလေး ငှက်ကလေး သေသွားသလိုပဲ ဘာမှမထူးဘူး”

ကျနော်တို့ စက်ရုံမှာ စက်ပြင်ကာလကို တလခွဲလောက် မနက် ၇း၀၀ နာရီမှ ည ၁၀း၀၀ အထိ နားရက် မရှိ အလုပ်ဆင်းရပြီနောက် ၁၀.၁၀.၂၀၁၃ မှာ စက်ရုံစတင်လည်ပတ်ခဲ့ပါတယ်။

ဒါပေမယ့် SP မှာ စက်ရပ်ထားတာ ကြာတာကြောင့် အေးခဲနေတဲ့ အစာ (ကျောက်မှုန့် မြေမှုန့်) တွေက ပိုက်လုံးကြီးမှာ ပိတ်နေပါတယ်။

မြင်အောင်ပြော ရရင် ကြီးမားတဲ့ပိုက်လုံးရဲ့အောက်ခြေ မှာ အေးနေတဲ့အစာဟောင်းတွေက ပိတ်နေတယ် ။ အစာဟောင်းတွေရဲ့ အထက်မှာ စက်ရုံလည်ပတ်ထားတဲ့အတွက် အပူချိန် ပျမ်းမျှ ၈၀၀ မှ ၁၀၀၀ ကြားရှိတဲ့ အစာတွေရှိပါတယ်။

ထိုပြဿနာကို ဖြေရှင်းဖို့အတွက် အထက်အရာရှိတွေက စက်ကိုမရပ်ချင်ပါဘူး။ အန္တရာယ်ကင်းအောင် စက်ကိုရပ်ပြီး ပူနေတဲ့အစာတွေကို အေးအောင်စောင့်ပြီးမှ ပိတ်နေတဲ့ အစာတွေကို ရှင်းထုတ် သင့်ပေမယ့် စက်ကိုတပတ်ခန့် ရပ်လိုက်ရင် ဆုံးရှုံးမှုတွေအတွက် ရုံးချုပ်ကိုဖြေရှင်း ချက်ပေးရမှာဖြစ်ပြီး စက်ရုံမှူးအနေနဲ့ နာမည်ပျက်နိုင်ပါတယ် စက်ရုံမှူးနေရာက စဉ်းစားရင် သူက စက်ရုံမှူးနေရာမှ ထုတ်ပယ် ခံရမှာ ကြောက်ပါတယ်။

ပြီးတော့ စက်ရုံမှူးနေရာက စက်ရုံလည်ပတ်နေရင် သူ့အတွက် တနေ့ကို ဘိလပ်မြေတန် ၃၀ ခွဲတန်းရရှိပါတယ်။ ဒါကြောင့် တာဝန်ရှိသူ ဗိုလ်မှူး၊ ဗိုလ်ကြီး အရာရှိအဆင့်ဆင့်ဟာ သူတို့တွေရဲ့ အတ္တတွေကိုအရင်းခံပြီး အန္တရာယ်အလွန်များတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ပါတယ်။

အဲ့ဒါကတော့ စက်ကိုလည်လျှက် ပိုက်လုံးကြီးထဲမှာ အစာပိတ်နေတဲ့နေရာက အပေါက်လေးကိုဖွင့်ပြီး ပိတ်နေတဲ့ အစာတွေကို သံပိုက်နဲ့ ထိုးချရမှာ ဖြစ်ပါတယ်။ အထက်အမိန့်အရ ၀န်ထမ်းတွေဟာ စတင်ပြီးသံပိုက်နဲ့ထိုးရပါတယ်။ တခါထိုးရင် နှစ်ယောက်သာ ထိုးလို့ရပါတယ်။

ထိုးချတဲ့သူနှစ်ယောက် မောပြီဆိုရင် နောက်ထပ်နှစ်ယောက်က ၀င်လုပ်ရပါတယ်။ အလှည်ကျပေါ့ဗျာ။ ဒီလိုနဲ့ ၂၀၁၃ အောက်တိုဘာ ၁၅ ရက်နေ့ နေ့လည်ပိုင်းမှာ ပိတ်နေတဲ့ နေရာအနည်းငယ် ပွင့်သွားပြီး၊ ပန်းထွက်လာတဲ့ အလွန်တရာပူလွန်းလှတဲ့ အစာ (ကျောက်မှုန့် မြေမှုန့်) ကြောင့် ကလေးလုပ်သားဖြစ်တဲ့

ပြင်ပအလုပ်သမား ၁၄ နှစ်သားလေးဟာ ၀တ်ထားတဲ့ဘောင်းဘီပါ ပြတ်ထွက်သွားပြီး အပူလောင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အနားမှာရှိတဲ့ ၀န်ထမ်းတွေပါ အပူလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အနည်းငယ်သာပွင့်သွားတဲ့အတွက် ပိုက်လုံးကြီးဟာ အစာတွေနဲ့ပြန်ပိတ်သွားခဲပါတယ်။ ဒါက ပထမအကြိမ်မှာပါ အန္တရာယ်အလွန်ရှိမှန်း သိခဲရပြီးပါပြီ။

လုံးဝအန္တရာယ်ဖြစ်နိုင်မှန်းသိတယ်၊ ဒါပေမယ့် အလုပ်ကိုမရပ်ဘူး၊ စက်ကို မရပ်ဘူး။ ပြီးတော့ အကာ အကွယ် ပစ္စည်း မပေးဘဲ ဆက်လုပ်ခိုင်းပါတယ်။ အဲဒီနေ့ ညပိုင်းကျတော့ ဝန်ထမ်း သုံးလေးယောက် ပြင်းထန် စွာ အပူထပ်လောင်ပါတယ်၊

ဒါက ဒုတိယအကြိမ် အဖြစ်အပျက်ပါ အန္တရာယ် ဖြစ်ကိုဖြစ်မယ်ဆိုတဲ့ အနေအထားဆိုတာ လုံးဝသေချာနေပါပြီ၊ သို့ပေမယ့် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့စိတ်မျိုးနဲ့ အကာအကွယ်ပစ္စည်းတောင်မပေးဘဲ ဆက်ပြီး လုပ်ခိုင်းပါတယ်။

အဲဒီလိုနဲ့ လုပ်လာလိုက်တာ အောက်တိုဘာ ၁၇ ရက်နေ့ရောက်တော့ ပိတ်နေတဲ့အပေါက်ဟာ ပွင့်ထွက်သွားပြီး ဗုံးပေါက်ကွဲသွားသလိုဘဲ ပြီးတော့ အစာပူတွေတရှိန်ထိုး ပွင့်ထွက်လာတဲ့အတွက် အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေလဲ သွေးရူးသွေးတန်းနဲ့ ဘာမှမမြင် ပြေးကြလွှားကြ အသက်ရှူကြပ်ကြနဲ့ပေါ့

မပြေးသာလိုက်တဲ့ ကျနော့သူငယ်ချင်း ကျော်ဝင်းထွဋ် (ကျောက်ဖား) တယောက်ကတော့ ခါးဝက်လောက်ရှိတဲ့ ပြင်းထန်းလွန်းတဲ့ အပူရှိန်ရှိတဲ့ ကျောက်မှုန်တွေကြောင့် မချိမဆန့် ခံစားရနေပါပြီး။

တခြားဝန်ထမ်းတွေဟာလဲ ကိုယ့်အသက်အတွက် ဘာမှမမြင်ရတော့တဲ့ အခြေအနေမှာ အချို့က အထပ်မြင့်ရဲ့ လက်ရမ်းသံပိုက်ပေါ် ကိုတက်တွယ်ထားပြီ ခိုနေရပါတယ် အောက်မှာ က ကျောက်အမှုန့်အပူတွေက ရှိနေတဲ့အတွက် ခြေချလို့မရပါဘူး။

ဒီလိုနဲ့ ၁၅ မိနစ်လောက်ကြာတော့ ပတ်ဝန်းကျင်ကို အနည်းငယ်ပြန်မြင်ရပါပြီ၊ ကျနော့ သူငယ်ချင်း ကျော်ဝင်းထဋ်ရဲ့ အဖြစ်အပျက်ကိုမြင်တော့ အနားမှာ လက်ရမ်းပေါ်ကိုတက်ပြီး သူနဲ့အတူလုပ်ကိုင်နေရတဲ့ ၀န်ထမ်းက သူခံစားရတဲ့အပူဒဏ်ကိုမေ့ပြီး သူ့လုပ်ဖော်ကိုင်ဖက်ရဲ့အဖြစ်ကို မကြည့်ရက်တဲ့အတွက် ကယ်ဖို့ဆင်းသွားခဲ့ပါတယ်။

သို့ပေမယ့် သုံလှမ်းလောက်သာ လှမ်းနိုင်ပြီး အပူဒဏ်ကိုမခံနိုင်တော့ တဲ့အတွက် လက်ရမ်းသံပိုက်ပေါ် အမြန်ပြန်တက်ခဲ့ရပါတယ်။

သံပိုက်ပေါ်မှ တခြားဝန်ထမ်းတဦးက သူ့အနားမှာရှိတဲ့ ၀ါလုံးကိုယူပြီး ကျော်ဝင်းထွဋ်ကို ကမ်းပေးလိုက်ပါတယ်။

ကျော်ဝင်းထွဋ်းဟာ သူ့ကိုကမ်းပေးတဲ့ဝါလုံးလေးကို နောက်ဆုံးရှိသမျှအားနဲ့တချက်ကိုင်လိုက်နိုင်ပါတယ်၊
ခဏလေးအတွင်းမှာပဲ နောက်ကိုလန်ကျသွားပါတယ်၊

သူက အဲ့ဒီနေရာမှာပဲ ဆိုးဝါးစွာခံစားရင်း အသက်ပေးလိုက်ရပါတယ်။ သူဟာကျောက်မှုန့်တွေပိလို့ သေဆုံးရတာမဟုတ်ပါဘူး။ ပြင်းထန်တဲ့ အပူဒဏ်ကြောင့် သေဆုံးရတာပါ။ ပိုပြီးရင်နာစရာကောင်းတာက သူမှာ ဇနီးနဲ့ ရင်သွေးတဦး ကျန်ခဲ့ပါတယ် ဒါက တတိယအကြိမ် အဖြစ်အပျက်ပါ။

အခု မြိုင်ကလေးဆေးရုံမှာ ဒဏ်ရာပြင်းထန်သူ များတက်ရောက်လျှက်ရှိပါတယ်။

ကျနော့သူငယ်ချင်းသေဆုံးတဲ့အနေအထားကိုကြည့်ပြီးကျနော်တို့တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော် ပိုရေးရှင်း (M.E.C) အမှတ် (၂) တန် ၄၀၀၀ ဘိလပ်မြေစက်ရုံ မြိုင်ကလေးက ဝန်ထမ်းတွေဟာ အကာအကွယ်မဲ့ နေတယ်လို့ ခံစားရတယ်။ အထူးသဖြင့် ဥပဒေရဲ့အကာအကွယ်ပေါ့။

“လူတယောင်လုံး သေနေတာတောင်မှပဲ လူသေမှုအနေနဲ့ ဘယ်ရဲမှလာမစစ်ဆေးဘူး။ ကြက်ကလေး ငှက်ကလေး သေသွားသလိုပဲ ဘာမှမထူးဘူး”

ကျတော်တို့ အကူအညီမဲ့နေပါတယ်။ ဘယ်သူ့ကို အကူအညီတောင်းရမယ်ဆိုတာလဲ ကျနော်တို့ မသိပါဘူး။ ကျနော်တို့တွေ ဘယ်လိုလုပ်သင့်တယ်ဆိုတာ အကြံပေးကြပါခင်ဗျား။
အကူအညီပေးနိုင်တဲ့ သူတော်ကောင်းတွေနဲ့တွေ့အောင် ကူညီနိုင်သူများသိရှိအောင် ကူညီပေးကြပါခင်ဗျာ။

ကျေးဇူးတင်ပါတယ်။

ဖိနှိပ်ခံ တန် ၄၀၀၀ မိသားစု

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here