Friday, October 18, 2013

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမြင့် ပြည်သူ့အကျိုး ဆောင်ရွက်သင့်

0 comments
18/10/2013

ဗိုလ်တထောင်မြို့နယ် BOD, COD ၀င်းအတွင်း အဆောက်အအုံများ ဆောက်လုပ် ရာ၌ ပါဝင်သော ယုဇန ဆောက်လုပ်ရေး၏ ပိုင်ရှင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့် အနေဖြင့် ပြည်သူများက ရွေးချယ် တင်မြှောက်ထားသည့် ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် အတွက် ပြည်သူများ အကျိုးရှိမည့် ကိစ္စကိုသာ လုပ်ဆောင် သင့်သည်ဟု အောက်တိုဘာ ၁၆ ရက် တွင် BOC, BOD ၀င်းမြေပိုင်ရှင် ဒုခေါင်းဆောင် ဦးတင်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယခင် ခေတ်အဆက်ဆက် ကာကွယ်ရေးနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာန ဘက်မှ နှစ် ၉၀ ဂရန် ပိုင်၊ မူလ မြေပိုင်ရှင်များ ထံမှ ငွေကြေးဖြင့် ငှားရမ်း ထားခြင်းဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီး ဌာနမှ စီမံကိန်းများ ပြုလုပ်ရန် မူလမြေပိုင်ရှင် များနှင့် ညှိနှိုင်းခြင်း၊ လျော်ကြေး ပေးခြင်းမရှိဘဲ သိမ်းယူ ခဲ့ပြီးနောက် ယုဇန ဆောက်လုပ်ရေး ကုမ္ပဏီ အပါအ၀င် ၀ါဝါ ၀င်း၊ ဧဒင်၊ ပတ္တမြားနဂါး ကုမ္ပဏီများအား လုပ် ကိုင်ခွင့်များ ပေးခဲ့သည်။

ဗိုလ်တထောင်မြို့နယ် BOC,BOD ၀င်းအတွင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ယုဇန အပါအ၀င် ၀ါဝါ၀င်း၊ ဧဒင်၊ ပတ္တမြားနဂါး စသည့် ကုမ္ပဏီများ၏ လုပ်ငန်း ဆောင်ရွက်ခွင့် စာချုပ် သက်တမ်း မှာ ၂၀၀၉ ခုနှစ်က တည်းက ကုန်ဆုံးခဲ့ပြီး ယုဇနနှင့် ၀ါဝါ၀င်း ကုမ္ပဏီများမှ စာချုပ်ပြန် လည်ချုပ်ဆိုခြင်း မရှိဘဲ တရားမ၀င် ဆက်လက် တည်ဆောက် နေခြင်း ကို မြေပိုင်ရှင်များက ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုများ၊ စာနယ်ဇင်း ရှင်းလင်းပွဲများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။..

““ဦးတို့ ပြဿနာ ဖြစ်နေတဲ့ အချိန်မှာ ဒီလို ဆောက်လုပ်မှုကို ရပ်ထားပေးပါလို့ ပြောတာ။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဆိုတာ ပြည်သူက တင်မြှောက်ထားတဲ့ သူတွေပဲလေ။ ပြည်သူတွေ အတွက် သူတို့ လုပ်ရမယ် ဆိုတာ သူတို့ သိသင့်တယ်။ ပြည်သူ့ အကျိုးအတွက် မဟုတ်ဘဲ ခရိုနီ တွေ အကျိုးအတွက် ဆိုတာ မဖြစ်သင့်ဘူး”” ဟု ဦးတင်ဦးက ပြောသည်။

မြေပိုင်ရှင်များက ယုဇနနှင့် ၀ါဝါ၀င်းမှ ဆက်လက် ဆောက်လုပ် နေခြင်းများကို ရပ်ဆိုင်းပေးရန် စာနယ်ဇင်း ရှင်းလင်းပွဲများ သုံးကြိမ် ပြုလုပ်ခဲ့ပြီး အောက်တိုဘာ လ ၂၂၊ ၂၃ ရက်ဝန်း ကျင်တွင် ဆဋ္ဌမအကြိမ် ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာ ဌာနသို့ ခွင့်ပြုချက် တင်ထားပြီးဖြစ်သည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ယုဇန ဆောက်လုပ်ရေး ကုမ္ပဏီ ပိုင်ရှင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်အား ဆက်သွယ် မေးမြန်းခဲ့ရာ နောက်မှဆက် သွယ်မည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဇင်မာ
မြန်မာသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here