Friday, October 18, 2013

မြန်မာနိုင်ငံ နယ်စပ်ဒေသရှိ ဒုက္ခသည်များကို ကူညီရာတွင် နှစ်ဖက်စစ်တပ်မှ လုံခြုံရေးတာဝန်ယူမှုမရှိ

0 comments


18/10/2013

မြန်မာနိုင်ငံ နယ်စပ်ဒေသရှိ စစ်ဘေးဒဏ်သင့် ရွှေ့ပြောင်း ဒုက္ခသည်များကို ပြည်တွင်း၊ ပြည်ပ အလှူရှင်များမှ သွားရောက် ကူညီ ထောက်ပံ့ရာတွင် လုံခြုံရေး အာမခံချက်ကို နှစ်ဖက် လက်နက်ကိုင် တပ်များ တာဝန်ယူမှု မရှိသည့်အတွက် အခက်အခဲ များ ဖြစ်ပေါ်ရသည်ဟု အောက်တိုဘာ ၁၅ ရက်နေ့တွင် (UN) ကုလသမဂ္ဂအဖွဲ့မှ သတင်း ပြန်ကြားရေး အဖွဲ့ဝင် ဦးအေးဝင်း က မြန်မာသံတော်ဆင့်သို့ ပြောသည်။

““နယ်စပ်ရောက်ရင် သွားလှူ ဖို့ အဆင်မပြေဘူး။ အစိုးရ ထိန်းချုပ်မှုရှိတဲ့ နယ်မြေ၊ ထိန်းချုပ်မှု မရှိတဲ့ နယ်မြေ (ဥပမာ KIA၊ KIO) ဖြစ်တယ်။ အဲဒီကို သွားဖို့ အစိုးရရဲ့ အဆင့်ဆင့် ဆုံးဖြတ်ချက်လိုတယ်။ ကြိုတင် မညှိနှိုင်း ထားရင် လုံခြုံရေး အရ ဖြစ်နိုင်မှ ဖြစ်နိုင်မယ်။ အန်ကယ်တို့က အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ဖြစ်တဲ့အတွက် ခွင့်ပြုချက်လိုတယ်””ဟု United Nations Information Centre မှ သတင်းပြန်ကြားရေး အဖွဲ့ဝင် ဦးအေးဝင်းက ပြောကြားခဲ့သည်။ ..

ဒုက္ခသည် စခန်းများကို လှူဒါန်းရာတွင် UN သည် နိုင်ငံတကာရှိ အလှူရှင်များမှ လှူဒါန်းမှုများကို ၀န်ဆောင်မှု တစ်ခု အနေဖြင့် ကူညီ ပံ့ပိုးပေးခြင်းဖြစ်ပြီး၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ရန်ပုံငွေများကို ဒုက္ခသည် စခန်းသို့ UN မှ တစ်ဆင့် လှူဒါန်းပေးခြင်း ဖြစ်သည်။ ထိုသို့ လှူဒါန်းရာ၌လည်း လိုအပ်ချက်များကို UN အနေဖြင့် အတိုင်းအတာ တစ်ခုထိ ပံ့ပိုး ကူညီ ဆောင်ရွက်မည် ဖြစ်ကြောင်း UN ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြ ပါရှိသည်။

““အစ်ကိုတို့ အဖွဲ့ကတော့ နယ်စပ် ဒုက္ခသည်တွေကို သွားလှူတာ ၈ ကြိမ်လောက် ရှိပြီ။ အစ်ကိုတို့ ကချင်ကို သွားလှူတာတော့ နယ်စပ်ဘက်ကနေ ၀င်တာလိုင်ဇာ ဘက်ကတော့ မ၀င်ဖူးဘူး။ အစ်ကိုတို့အဖွဲ့က သီးခြား ပရဟိတအဖွဲ့ ဆိုတော့ သွားလှူတဲ့ အခါ ဘယ်ဘက်ကမှ တာဝန်မယူဘူး။ ကိုယ့်ဘာသာပဲ သတိနဲ့ သွားရတယ်။ အခြား အခက်အခဲတော့ မရှိပါဘူး””ဟု အဖြူရောင် တွဲလက်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ကိုဘိုဘိုက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ လိုင်းရင်းမြို့ရှိ ကချင်ဒုက္ခသည် စခန်းတွင် ဒုက္ခသည်ဦးရေ ၁၆၀၀၀ ကျော်ရှိနေပြီး အများစုမှာ KIA နှင့် အစိုးရ တပ်ဖွဲ့များအကြား တိုက်ပွဲ စတင်စဉ်ကတည်းက ရောက်ရှိနေသူများ ဖြစ်ကာ စခန်းတွင် အဓိက ကျွေးမွေးသည့် အစားအစာမှာ ဆန်၊ ဆီ၊ ဆားနှင့် ပဲပုပ်သာ ဖြစ်သဖြင့် ကလေးငယ်များ အာဟာရ ချို့တဲ့မှုဒဏ် ခံစားနေရသည်။

ထို့ပြင် ဒုက္ခသည် စခန်းသို့ ရောက်ရှိနေသည့် ကလေးငယ်များ ပညာသင်ကြားရေး အခက်အခဲလည်း ရှိနေပြီး စခန်းတွင် ရှိသည့် ကလေး လေးထောင်ကျော်မှာ စစ်ဘေးဒဏ်ကြောင့် စခန်းသို့ ရှောင်တိမ်းလာပြီး ယနေ့ချိန်ထိ ပညာမသင်ကြား နိုင်ကြောင်းကို တရုတ်နိုင်ငံ လိုင်းရင်း ကချင် ဒုက္ခသည်စခန်းမှ ထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။

လိုင်ဇာရှိ ဒုက္ခသည် စခန်းပေါင်း ၄ ခုရှိပြီး ၀ိုင်းကျိုင်စခန်း၊ အမှတ် (၃) ဈေးစခန်း၊ လိုင်ဇာနှင့် ၈ ကီလိုမီတာ အကွာရှိ ဂျေယန် စခန်း၊ ပုံလွန်ယန်း စခန်းတို့ရှိပြီး ယင်းလေးခုတွင် ဒုက္ခသည် ၂၀,၀၀၀ ခန့်ရှိ KIO ထိန်းချုပ်ရာ ဒေသ ဒုက္ခသည် ဦးရေ ၇၀,၀၀၀ ခန့် ရှိသည်။

အေမီ
မြန်မာသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here