Friday, October 11, 2013

မလေးရှားမှ ပြန်ရောက်လာသည့်အလုပ်သမား၅၀နီးပါးမိသားစုနှင့်အဆက်အသွယ် ပြတ်ကာ နေရပ်ပြန်ရန် ငွေကြေးအခက်အခဲရှိနေ

0 comments
(မလေးရှား အလုပ်သမားများအား ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းရုံးတွင် စာရင်းကောက်ယူနေစဉ်)
မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ သီတဂူဆရာတော်၏ အကူအညီဖြင့် ပြန်လည်ရောက်ရှိ လာသူများအနက် အလုပ်သမား ၅၀ နီးပါး၏ အထောက်အထားများအား မလေးရှားရဲများက သိမ်းဆည်း ခဲ့မှုများကြောင့် မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေသလို ငွေကြေးအခက်အခဲကြောင့် အိမ်ပြန်ရန် အခက်တွေ့နေကြောင်း သိရသည်။

''၂၀၁၀ ပြည့်နှစ်တုန်းက ဇန်န၀ါရီလမှာ မလေးရှားကို ပွဲစားတွေကနေတစ်ဆင့် သွားအလုပ် လုပ်ခဲ့တယ်။ သူတို့ပြောတဲ့ အလုပ်နဲ့ ဟိုမှာလုပ်ရတဲ့ အလုပ်က ကိုက်ညီမှု မရှိဘူး။ ၂၀၁၂ ခုနှစ်မှာ အော်ပရာစီ စီမံချက်နဲ့ ဖမ်းဆီးခံရတယ်။ ထောင်ထဲမှာရော ၊ Camp ထဲမှာရော နှစ်ခုပေါင်းရင် တစ်နှစ်ကျော်လောက် နေခဲ့ရတယ်။ ထောင်ထဲမှာနေတဲ့ အချိန်မှာရော မြန်မာသံရုံးကနေ ဘာအကူအညီမှ မရဘူး။ သံရုံးက ကျွန်တော်တို့ကို ပြန်ချင်ရင် မလေးရှားရင်းဂစ် ၆၅၀ ရှိမှ ပြန်လို့ရမယ်လို့ ပြောတယ်။ ကျွန်တော်တို့မှာ ပိုက်ဆံတစ်ပြားမှ မရှိဘူး။ မိသားစုနဲ့လည်း အဆက်အသွယ် မရှိတော့ဘူး။ မှတ်ထားတဲ့ ဖုန်းနံပါတ်တွေ၊ လိပ်စာတွေ မရှိတော့ဘူး'' ဟု ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ ကိုခိုင်မိုးလင်းက ဆိုသည်။

အဆိုပါ အလုပ်သမားများသည် မလေးရှားနိုင်ငံသို့ တရားမ၀င်သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး စီမံချက်ဖြင့် ဖမ်းဆီးခံခဲ့ရစဉ် ၎င်းတို့၏ မှတ်ပုံတင်၊ ဖုန်း၊ ငွေသား အပါအ၀င် ပါရှိသည့် ပစ္စည်းများကို မလေးရှားရဲများက သိမ်းဆည်းခဲ့ပြီး အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ချိန်တွင် သိမ်းဆည်းခဲ့သည့် ပစ္စည်းများကို အလုပ်သမားများထံ ပြန်လည်ပေးအပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

''မနေ့ညက အလုပ်သမား ၁၇၀ ကျော် ပြန်ရောက်လာတယ်။ အလုပ်သမား ၄၀ ကျော်က ဘယ်သူမှ လာခေါ်တဲ့သူ မရှိဘူး။ အဲဒီအတွက် ၈၈ ရုံးမှာပဲ ခေါ်ထားတယ်။ အလုပ်သမား ၀န်ကြီးဌာနကနေ အလုပ်သမား တစ်ယောက်ကို ပိုက်ဆံကျပ် ၅၀၀၀ စီပေးတယ်။ သူတို့ကို တာဝန်မယူ နိုင်ဘူးလို့လည်း ပြောတယ်။ ဒီနေ့အလုပ်သမား ၄၀ ကျော်ကို တာမွေမှာရှိတဲ့ အလိုတော်ပြည့် ဘုန်းကြီးကျောင်းက လက်ခံလို့ အဲဒီကို ပို့ပေးမယ်။ ပြီးရင် နေရပ်ပြန်ဖို့ လိုအပ်တဲ့ အထောက်အထားရဖို့ ပြည်ထဲရေးကို အကူအညီ တောင်းထားတယ်'' ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ မသက်သက်အောင်က ဆိုသည်။ အလုပ်သမား ၄၈ ဦးမှာ စစ်ကိုင်း၊ တနင်္သာရီ၊ ဧရာဝတီ၊ ပဲခူးနှင့် မန္တလေး တိုင်းဒေသကြီး၊ ရခိုင်၊ မွန်၊ ချင်းနှင့် ကရင်ပြည်နယ် တို့မှဖြစ်ပြီး နေရပ်ပြန်ရန် မှတ်ပုံတင် အထောက်အထား၊ ငွေကြေးအကူအညီ လိုအပ်နေပြီး လှူဒါန်းလိုပါက တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတွင် လှူဒါန်းနိုင်ကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here