Friday, October 18, 2013

အသင်းဝင်များကို ငွေထုတ်ချေးရာတွင် ညီမျှမှုမရှိဟုဆိုကာ ဝန်ကြီးထံတိုင်ကြား

0 comments
18/10/2013

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ ဇော်ဂျီဒန်သတ္တု ကုန်ထုတ်လုပ်မှု သမဝါယမအသင်း လီမိတက် အမှုဆောင်များက ချေးငွေ ထုတ်ချေးရာတွင် တန်းတူညီမျှမှု မရှိသဖြင့် သမဝါယမဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးထံသို့ အောက်တိုဘာလ ပထမပတ်တွင် တိုင်ကြားထားသည်ဟု အသင်းဝင်များထံမှ သိရှိရသည်။

သမဝါယမဝန်ကြီးဌာနက ကျပ်သိန်း ၂၉၀ ကျော်ကို လုပ်ငန်းရှင် ၂၆ ဦးနှင့် အလုပ်သမား ၁၂၁ ဦးသို့ ၂၀၁၃ ခုနှစ် ဧပြီ လ ၁၀ ရက်နေ့က ထုတ်ချေးပေးခဲ့ရာ တန်းတူညီမျှ ချေးပေးခြင်းမရှိဘဲ အချို့လုပ်ငန်းရှင်များကို ကျပ် ၁၅ သိန်း ချေးပေးခဲ့ပြီး အချို့လုပ်ငန်းရှင်များကို ကျပ်ခုနစ်သိန်းသာ ထုတ်ချေးပေးခဲ့ကြောင်း ဒန်သတ္တု လုပ်ငန်းရှင် ဦးမျိုးညွန့်က The Voice သို့ ပြောကြားသည်။

ဒန်သတ္တုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော အသင်းဝင် လုပ်ငန်းရှင်များနှင့် အလုပ်သမားများကို ချေးငွေများ ထုတ်ချေးပေးရာတွင် လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင် မဟုတ်သောသူများနှင့် အမှုဆောင် အဖွဲ့ဝင်များ၏ ဆွေမျိုးသားချင်း များကိုပါ ထုတ်ချေးပေးခြင်းကြောင့် အမှန်တကယ် ရရှိမည့် ချေးငွေပမာဏထက် လျော့နည်းစွာ ရရှိခြင်းကြောင့် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် အခက်အခဲများ ကြုံတွေ့ရကြောင်း ၎င်းကဆိုသည်။“အမှုဆောင်အဖွဲ့ကို လာမယ့် အောက်တိုဘာလ ၂၃ ရက်နေ့မှာ ရွေးမယ်လို့တော့ ကြေညာထားတယ်။ သုံးနှစ်စာ ငွေစာရင်းကိုလည်း ရှင်းပေးစေချင်တယ်။ ပြီးတော့ အသင်းရဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ၊ နည်းဥပဒေတွေကိုလည်း ထုတ်ပေးစေချင်တယ်။ ဒါမှရှေ့ဆက်ပြီး အလုပ်လုပ်နိုင်မှာပါ” ဟု ဦးမျိုးညွန့်က ပြောကြားသည်။

ကျောက်ဆည်မြို့ရှိ အဆိုပါ ကုန်ထုတ်လုပ်မှု သမဝါယမအသင်း လီမိတက်မှ အမှုဆောင်များကို အရေးယူ သည့်အနေနှင့် အမှုဆောင်အဖြစ်မှ အားလုံးဖယ်ရှားပြီး ဖြစ်ကြောင်း၊ မကြာခင်တွင် အမှုဆောင် အဖွဲ့အသစ်ကို အသင်း၏ နည်းဥပဒေနှင့်အညီ စနစ်တကျ ပြန်လည် ဖွဲ့စည်းမည် ဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် သမဝါယမ ဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မျိုးဦး က ပြောကြားသည်။“ဒီကိစ္စ ကျွန်တော့်မှာ အဓိက တာဝန်ရှိပါတယ်။ ချေးထားတဲ့ ပိုက်ဆံတွေကို လက်ရှိဥက္ကဋ္ဌနဲ့ စာရင်းရှင်းပြီးရင် အမှုဆောင်အဖွဲ့ကို ပြန်ရွေးမယ်။ ပြီးရင် တက်လာတဲ့အဖွဲ့နဲ့ စနစ်တကျ မှန်မှန်ကန်ကန် လက်တွဲလုပ်ဆောင် သွားပါမယ်၊ ဒါကိုအသင်းဝင်တွေကို ရှင်းပြထားပြီးသားပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ‘ဇော်ဂျီဒန်သတ္တု’ ကုန်ထုတ်လုပ်မှု သမဝါယမအသင်း လီမိတက်ကို ဒန်သတ္တု လုပ်ငန်းရှင် ၂၀ ဦး ဖြင့် ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါတွင် အသင်းဝင် ၁၄၀ ကျော် ရှိကြောင်း အဆိုပါ အသင်းဝင်များထံမှ သိရသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here